ယခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်နိုင်မည်မဟုတ်ဟု ပဲခူးတောင်သူများပြော

ရေကြီးမှုကြောင့် ရင့်မှည့်ပြီးသားစပါးခင်းများ ပျက်စီးဆုံးရှုံးသွား၍ အထွက်နှုန်းကျဆင်းကာ အရှုံးပေါ်နိုင်ခြေများသဖြင့် ယခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်နိုင်မည်မဟုတ်ကြောင်း ပဲခူးတောင်သူများက ပြောဆိုကြသည်။

By Admin 21 Oct 2023

 ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှ ရေနစ်မြုပ်နေသည့် စပါးခင်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဦးအောင်မြင့်။
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှ ရေနစ်မြုပ်နေသည့် စပါးခင်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဦးအောင်မြင့်။

DMG ၊ အောက်တိုဘာ ၂၁

ရေကြီးမှုကြောင့် ရင့်မှည့်ပြီးသားစပါးခင်းများ ပျက်စီးဆုံးရှုံးသွား၍ အထွက်နှုန်းကျဆင်းကာ အရှုံးပေါ်နိုင်ခြေများသဖြင့် ယခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်နိုင်မည်မဟုတ်ကြောင်း ပဲခူးတောင်သူများက ပြောဆိုကြသည်။

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်တွင် လက်ရှိရေပြန်ကျသွားပြီဖြစ်ပြီး စပါးပင်များမှာ ရေနစ်မြုပ်မှုဒဏ်ကြောင့် အညှောင့်ထွက်ခြင်း၊ ပုတ်သိုးပျက်စီးသွားသည့်အတွက် ရိတ်သိမ်း၍မရတော့ဟု တောင်သူများက ပြောသည်။

“အများစုက စပါးတစ်စေ့တောင်ရမှာမဟုတ်တော့ဘူး။ ကျွန်မတို့တော့ နောက်တစ်ရာသီ ဘယ်လိုလုပ်ရမလဲ တောင်မသိဘူး။အရမ်းဒုက္ခရောက် နေပါတယ်။ သက်ဆိုင်ရာတွေ ကူညီကြပါအုံးလို့ ပြောချင်ပါတယ်။” ဟု သနပ်ပင်မြို့နယ်၊ စဉ့်အိုးဘိုကျေးရွာမှ တောင်သူ မမူယာက ပြောသည်။

ကုန်းမြင့်ပိုင်းဒေသတွင် ရေနစ်မြုပ်မှုကြီးကြီးမားမားမကြုံတွေ့ခဲ့ရသော်လည်း မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ရိတ်သိမ်းချိန်တန် စပါးပင်များယိုင်လဲပျက်စီးသွားသဖြင့် အထွက်နှုန်း လျော့ကျကြောင်း တောင်သူများထံမှ သိရသည်။

ကုန်ကျစရိတ်ကြီးမြင့်မှုကြားမှ ပင်ပန်းခံကာ ထွန်ယက်စိုက်ပျိုးထားသော စပါးပင်များ ဆုံးရှုံးသွားပြီဖြစ်၍ အကြွေးမြေများပြန်ဆပ်ရန် အခက်အခဲဖြစ်သွားပြီဟု တောင်သူများက ပြောသည်။

“ကျနော်တို့မှာ လယ်ကအကုန်လုံးရေမြုပ်သွားတယ်။ ရင့်မှည့်နေတဲ့စပါးတွေ သက်နုလယ်ဧက ငါးဧက လည်း စပါးစေ့တောင်ရမှာ မဟုတ်တော့ဘူး။ ရွာကတောင်သူတွေကတော့ တော်တော်စိတတ်ညစ်နေ ကြတယ်။” ဟု ပဲခူးတိုင်း၊ ကဝမြို့နယ်က တောင်သူအမျိုးသားတစ်ဦးက ပြောသည်။

ရေကြီးမှုကြောင့် ပျက်စီးသွားသည့် လယ်ဧကစာရင်းများကို မြို့နယ်အလိုက် စစ်ကောင်စီက ကောက်ယူ ထားသော်လည်း ယနေ့အချိန်ထိ အကူအညီတစ်စုံတစ်ရာဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း တောင်သူများထံမှ သိရသည်။

ပဲခူးခရိုင်တွင် ရေကြီးမှုကြောင့် မြို့နယ် ၄ ခုတွင် လယ်ဧက စုစုပေါင်း ၇၇,၅၂၄ ရေနစ်မြုပ်ခဲ့ပြီး ယင်းထဲမှ ရင့်မှည့်ပြီးရိတ်သိမ်းချိန်တန် လယ်ဧက စုစုပေါင်း ၆,၈၁၂ ဧက ပျက်စီးဆုံးရှုံး သွားကြောင်း ပဲခူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

ရေနစ်မြုပ်ခဲ့သည့် လယ်ဧက ၇၇,၅၂၄ ထဲက လယ်ဧက ၃၅,၉၈၂ ဧကမှာ လုံးဝပျက်စီးသွားခြင်းမရှိသော် လည်း ရေလွှမ်းမိုးမှုဒဏ်ကြောင့် အထွက်နှုန်းလျော့ကျနိုင်သည်ဟု ပဲခူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့က စာရင်းကောက်ခိုင်းထားလို့ ကောက်ပေးနေတာ။ အကူအညီပေးမယ့်အပိုင်းက တိုင်းအစိုး ရအဖွဲ့က လုပ်မယ်ထင်ပါတယ်။ ခုထိလည်း ကျနော်တို့ဆီကို လယ်သမားတွေကို ကူညီသွားမယ်ဆိုတာနဲ့ ပတ်သက်လို့ သတင်းမကြားရသေးဘူး။” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ဗီဒီယိုများ