ရခိုင်တွင် စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးမှုဖြစ်စဉ်များ ခပ်စိပ်စိပ်တွေ့လာ

မိုးတွင်းရာသီ မုတ်သုံလေအားကောင်းနေချိန်ဖြစ်၍ ရေကြောင်းခရီးသွားလာသူများနေဖြင့် ရာသီဥတုအခြေအနေ သတင်းအချက်အလက်များကို စုံစမ်းပြီးမှ သွားလာသင့်ကြောင်း မိုးဇလက အသိပေးထားသည်။ 

By Admin 26 Jul 2023

စက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေသည့် နတ်ကန်ရွာက အမျိုးသမီးနှစ်ဦးအား ရှာဖွေရေးလုပ်နေကြစဉ်။ ဓာတ်ပုံ - ရင်းချောင်းလူငယ်အစည်းအရုံး
စက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေသည့် နတ်ကန်ရွာက အမျိုးသမီးနှစ်ဦးအား ရှာဖွေရေးလုပ်နေကြစဉ်။ ဓာတ်ပုံ - ရင်းချောင်းလူငယ်အစည်းအရုံး

DMG ၊ ဇူလိုင် ၂၆

မိုးတွင်းကာလ လေပြင်းတိုက်ခတ်မှုနှင့်အတူ လှိုင်းထန်ခြင်းတို့ကြောင့် ရခိုင်ပြည်က မြစ်ချောင်းများအတွင်း သွားလာနေသော စက်လှေများနစ်မြုပ်ပြီး လူသေဆုံးမှုဖြစ်စဉ်များရှိလာသည်ကို ခပ်စိပ်စိပ်တွေ့လာရသည်။ 

ဇူလိုင်လ ၂၅ ရက်နေ့က မင်းပြားမြို့နယ် နတ်ကန်ပြင်ကျေးရွာမှ မြေပုံမြို့သို့သွားသည့် စက်လှေတစ်စီးမှာ ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုပ်သွားကာ အသက် ၆၀ အရွယ် အမျိုးသမီးနှစ်ဦးမှာ ဒီရေနှင့်အတူ မျောပါသွားခဲ့ပြီး ယခုအချိန်ထိ ရှာမတွေ့သေးကြောင်း ဒေသခံများထံမှ သိရသည်။  

“မနေ့က မနက် ၈ နာရီလောက် ရွာထဲကထွက်သွားကြတာ။ သွားတဲ့အချိန်မှာ ဒီရေကလည်းကြီးနေတယ်။ အဲဒီမှာ လှိုင်းကြီးပြီးစက်လှေက နစ်မြုပ်သွားတယ်။ ပျောက်သွားတဲ့နှစ်ယောက်က လှေကို မကိုင်ထားလို့ လှိုင်းနဲ့တစ်ခါတည်း ပါသွားတယ်” ဟု နတ်ကန်ပြင်ကျေးရွာမှ ဦးကျော်အောင်က ပြောသည်။  

အဆိုပါစက်လှေတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးငါးဦးတို့ စီးနှင်းလာခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူနှစ်ဦးမှာ မြေပုံမြို့တွင် ပညာသင်ကြားနေသော သားသမီးများကို ကျောင်းလခငွေပေးရန် သွားကြခြင်းဖြစ်သည်။ 

မင်းပြားမြို့နယ်က နတ်ကန်ပြင်၊ လက်ပံကိုင်း၊ ရင်းချောင်းကျေးရွာများမှ ဒေသခံများမှာ မြေပုံမြို့သို့သွားရောက်ရန် ရေလမ်းခရီးကိုသာ အဓိက အားထားနေရသည်။ ဒေသခံများ အသုံးပြုသွားလာရသော ရင်းချောင်းချောင်းကြောမှာ ဒီရေမြင့်တက်ချိန်မှသာ သွားလာ၍ရသဖြင့် မိုးတွင်းကာလမျိုးတွင် လှိုင်းဒဏ်လေဒဏ်ကို ရင်ဆိုင်ကြုံတွေ့ကြရသည်။  

ရင်းချောင်း လူငယ်အစည်းအရုံး ပြန်ကြားရေးတာဝန်ခံ မခင်နှင်းဖြူက “ကျမတို့ရွာဘက်တွေက လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတာ။ မင်းပြားနဲ့ဆို ငါးနာရီလောက် သွားရတယ်။ အဲဒါကြောင့် မြေပုံကိုပဲ အမှီပြုကြတယ်။ မိုးရာသီဆို အရမ်းအခက်အခဲဖြစ်တယ်။ စက်လှေမြုပ်တာလည်း နှစ်တိုင်းလိုလိုပဲ” ဟု ပြောသည်။  

ဇူလိုင်လ ၂၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် မြောက်ချောင်းကျေးရွာမှ မင်းပြားမြို့နယ် လက်မကျေးရွာသို့ သွားသည့် စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး အသက် (၅၀) အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားသည်။ 

အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦး လိုက်ပါလာသောစက်လှေမှာ လက်မကျေးရွာသို့ မရောက်မီ ရာသီဥတုဆိုးရွာမှုကြောင့် နစ်မြုပ်သွားခြင်းဟု သေဆုံးသူ ဦးအပိန်ချေ၏ ဇနီးဖြစ်သူ ဒေါ်ဦးသန်းရီက ပြောသည်။  

“မြစ်ကိုဖြတ်တော့ အလယ်လောက်အရောက်မှာ လှိုင်းကလာရိုက်ပြီး လှေလည်းမြုပ်သွားတယ်။ အဲဒီအချိန်မှာ အရှေ့ဘက်က လေပြင်းတိုက်ခတ်နေတာ တခြားလူတွေကို အချိန်မီကယ်နိုင်ခဲ့ပေမယ့် ကျမအမျိုးသားကိုတော့ မကယ်နိုင်ခဲ့ကြဘူး” ဟု ဒေါ်ဦးသန်းရီက ပြောသည်။

မိုးတွင်းရာသီ မုတ်သုံလေအားကောင်းနေချိန်ဖြစ်၍ ရေကြောင်းခရီးသွားလာသူများနေဖြင့် ရာသီဥတုအခြေအနေ သတင်းအချက်အလက်များကို စုံစမ်းပြီးမှ သွားလာသင့်ကြောင်း မိုးဇလက အသိပေးထားသည်။ 

“အတတ်နိုင်ဆုံးကတော့ စက်လှေတွေနဲ့ မသွားတာကောင်းတယ်။ သွားမယ်ဆိုရင်တောင် မိုးလေဝသသတင်းတွေ နားထောင်ပြီး စက်လှေအသေးတွေနဲ့မဟုတ်ဘဲ လှိုင်းဒဏ်ခံနိုင်မယ့် လှေအကြီးတွေနဲ့သွားသင့်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။  

ရခိုင်ပြည်သည် ပင်လယ်ကမ်းတန်းဒေသ တစ်ခုဖြစ်သည့်အလျောက် မိုးတွင်းကာလများတွင် လေပြင်းတိုက်ခတ်မှု၊ လှိုင်းကြီးမှုတို့ ဖြစ်ပေါ်လေ့ရှိသည်။  

#I010 

ဗီဒီယိုများ