ရခိုင်က ကျေးလက်ဒေသတွင် လမ်းတံတားများ ထပ်မံလုပ်ဆောင်ပေးရန် လိုအပ်နေသေး 

ရခိုင်က ကျေးလက်ဒေသတို့တွင် ဒေသခံတို့၏ လူမှုစီးပွားဘဝအတွက် အရေးပါသော လမ်းတံတားများကို ပြုလုပ်ပေးရန် အများအပြား လိုအပ်ချက်များရှိနေသေးပြီး တင်ပြတောင်းဆိုမှုများရှိသော်လည်း ယနေ့အထိ တစ်စုံတစ်ရာထူးခြားမှု မရှိသေးခြင်းများလည်းရှိကြောင်း သိရသည်။  

By Admin 01 Mar 2023

ပုဏ္ဏားကျွးမြို့နယ်မှ ကူးတို့ဆိပ် - ထောင့်ချေ ချောင်းကူးကြိုးတံတား။
ပုဏ္ဏားကျွးမြို့နယ်မှ ကူးတို့ဆိပ် - ထောင့်ချေ ချောင်းကူးကြိုးတံတား။

DMG ၊ မတ် ၁ 

ရခိုင်ပြည်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများတွင်နေထိုင်ကြသော ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံဖြိုးတိုးတက်လာရေးအတွက် လမ်းတံတားများကို ထပ်မံလုပ်ဆောင်ပေးရန် လိုအပ်နေသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ 

၂၀၂၂- ၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် စစ်တွေ ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဂွ၊ ပေါက်တော၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ်တို့မှာ ငွေကျပ် ၂,၁၀၃ ဒသမ ၅၆၂ သန်း အသုံးပြုကာ ကျေးလက်ကုန်ထုတ်လမ်း ၁၈ ခု နှင့် ရေပြွန်တံတား ၃၉ ခုကို ဆောက်လုပ်လျက်ရှိကြောင်း  ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

“ဒေသခံတွေအနေနဲ့ တင်ပြတောင်းဆိုတာကြောင့် ကျေးလက်အနေနဲ့ ဖောက်လုပ်ပေးတာပါ။ အဲလိုတောင်းဆိုတဲ့အခါမှာလည်း ဌာနအနေနဲ့ ကွင်းဆင်းလေ့လာပြီးရင် အမှန်တကယ် ဆောက်လုပ်နိုင်ဖို့ အခြေအနေရှိ/မရှိ၊ တည်နေရာရှိ/မရှိ စိစစ်ပြီးမှ သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီကို တင်ပြပြီးရင် အတည်ပြုချက်နဲ့ အဆင့်ဆင့်တင်ပြပြီးရင် ဒီကျေးလက်ကုန်ထုတ်လမ်း လုပ်ငန်းတွေကို ရွေးချယ်ဆောင်ရွက်ရတာဖြစ်တယ်” ဟု ညွှန်ကြားရေးမှူး ဦးဦးချစ်မောင်က ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ခုနှစ်တွင် ရခိုင်ပြည်အတွင်း ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ဂွစသည့်မြို့နယ်တို့တွင် ငွေကျပ် ၅၉၅ ဒသမ ၂၀၆ သန်းအသုံးပြုကာ ကျေးလက်ကုန်ထုတ်လမ်း ၇ ခုနှင့် ရေပြွန်တံတား ၉ စင်းကို ဆောက်လုပ်ပေးခဲ့သည်။  

သို့သော် ရခိုင်က ကျေးလက်ဒေသတို့တွင် ဒေသခံတို့၏ လူမှုစီးပွားဘဝအတွက် အရေးပါသော လမ်းတံတားများကို ပြုလုပ်ပေးရန် အများအပြား လိုအပ်ချက်များရှိနေသေးပြီး တင်ပြတောင်းဆိုမှုများရှိသော်လည်း ယနေ့အထိ တစ်စုံတစ်ရာထူးခြားမှု မရှိသေးခြင်းများလည်းရှိကြောင်း သိရသည်။  

ပုဏ္ဏားကျွန်းမြို့နယ်မှ ကျွဲထိုး၊ တန်းခိုး၊ ငှက်ကြီးကျွန်း၊ အလယ်ကျွန်း၊ ပဒေသာ စသည့် ကျေးရွာပေါင်း ၁၀ ကျော်မှဒေသခံများ အသုံးပြုသွားလာနေကြသည့် ကျောက်ချောလမ်း ပျက်စီးနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့အထိ မပြုပြင်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါလမ်းပျက်စီးနေသဖြင့် ဒေသခံများမှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့် အဘက်ဘက်တွင် အခက်အခဲများရှိနေကြောင်း ကျွဲထိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးလှမောင်က ပြောသည်။ 

“ရွာကနေ သီးနှံတွေ သွားရောင်းမယ်ဆိုရင်လည်း အဲဒီလမ်းကပဲသွားရတယ်။ လမ်းက မကောင်းတော့ ၁၀ မိနစ်သွားရမှာကို နာရီခွဲကျော်သွားနေရတယ်။ ဒေသခံတွေအတွက်လည်း သုံးဘီး၊ ဆိုင်ကယ်တွေစီးရတာ အန္တရာယ်ရှိတယ်။ အရေးပေါ်လူနာတွေကို ဆေးရုံ အချိန်မီမပို့နိုင်ဘဲ အသက်ဆုံးရှုံးတာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။ 

အလားတူ မင်းပြားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်း ပွင့်ထီး၊ ခြစ်တောင်၊ ကန်ချောင်းဝ စသည့် ကျေးရွာပေါင်း ၁၅ ရွာခန့် အသုံးပြုသွားလာနေကြသည့် ‌ချောင်းကူးကြိုးတံတားမှာ ယိုယွင်းပျက်စီးနေသဖြင့် ပြုပြင်ပေးရန်အတွက် ဒေသခံများက လိုလားနေကြသည်။ 

ကူးတို့ဆိပ်ကျေးရွာနှင့် ထောင့်ချေကျေးရွာ တို့ကို ဆက်သွယ်ထားသော အလျားပေ ၂၁၄ ပေခန့်ရှိ ၎င်းကြိုးတံတားမှာ ယိုးယွင်းပျက်စီးနေသဖြင့် ပေါက်ပြဲနေသည့်နေရာများကို ဝါးကြမ်းခင်းကာ အသုံးပြုသွားလာနိုင်သော်လည်း မိုးရာသီကာလတွင် အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

အဆိုပါတံတားအား ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးရန်အတွက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြို့နယ်လမ်းတံတားဦးစီးဌာနထံ တင်ပြထားပြီး ပြည်နယ်လမ်းတံတားဦးစီးဌာနထံလည်း တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကူးတို့ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးလှိုင်က “စီးပွားရေးအရဆိုရင် ကူးသန်းရောင်းဝယ်ဖို့  ဒီတံတားကို အဓိက အသုံးပြုနေကြတာဖြစ်တယ်။ အခု လူတွေသွားလာလို့ရပေမယ့် ယာဉ်တွေက ဖြတ်သွားလို့မရတော့ဘူး။ ပစ္စည်းတွေကို လူကိုယ်တိုင်သယ်ပြီးတော့ တစ်ဖက်ရွာကတစ်ဆင့် ကားစီးပြီးသွားနေရတယ်” ဟု ပြောသည်။ 

ကူးတို့ဆိပ် - ထောင့်ချေ ချောင်းကူးတံတားမှာ ကျေးရွာပေါင်း ၁၀ ကျော်အတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများအတွက် အဓိကအရေးပါသော တံတားတစ်စင်းဖြစ်ပြီး ထိုတံတားကို ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် ဆောက်လုပ်နိုင်မည်ဆိုပါက လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဟု ဒေသခံများက မျှော်လင့်နေကြသည်။ 

ရခိုင်ပြည်တွင် နေထိုင်ကြသောလူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် ကဏ္ဍတို့တွင် ယနေ့အထိ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရဆဲဖြစ်သည်။ 

#I001

ဗီဒီယိုများ