သိမ်းပိုက်ခံတပ်စခန်းများ ပြန်လည်ရယူနိုင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ 

“စစ်ပွဲက ရန်ကုန်ကိုတောင် ကူးစက်လာနိုင်တဲ့အခြေအနေမှာ စစ်ကောင်စီက သူတို့ဆုံးရှုံးသွားတဲ့ မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ဆိုတာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အရူးအိပ်မက် မက်နေတာသာဖြစ်တယ်” ဟု နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

By Admin 11 Nov 2023

၁၀၂၇ စစ်ဆင်ရေးပထမနေ့တွင် သိမ်းပိုက်ရရှိသော စစ်လက်နက်များနှင့်အတူ တွေ့ရသော ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ။
၁၀၂၇ စစ်ဆင်ရေးပထမနေ့တွင် သိမ်းပိုက်ရရှိသော စစ်လက်နက်များနှင့်အတူ တွေ့ရသော ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ။

DMG ၊ နိုဝင်ဘာ ၁၁ 

စစ်ကောင်စီသည် ‘၁၀၂၇’ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ခံထားရသည့် ဒေသများနှင့် တပ်စခန်းများကို ပြန်လည်ရယူနိုင်အောင် လေကြောင်းတိုက်ခိုက်မှုဖြင့် ကြိုးပမ်းလျက်ရှိကြောင်း ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ 

“မိမိတို့ ညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ စခန်းကုန်းတွေကို စစ်ကောင်စီက ပြန်လည်ရယူနိုင်ရေး ကြိုးပမ်းလျက်ရှိတယ်။ ဒါပေမဲ့ မြေပြင်မှာ ထိရောက်မှုမရှိတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုနဲ့သာ အဓိကထား တိုက်ခိုက်လျက်ရှိတယ်” ဟု ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် ကိုးကန့်နှင့် တအာင်းဒေသများအတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည်။ အထူးသဖြင့် ကွမ်းလုံ၊ လောက်ကိုင်နှင့် နောင်ချိုဒေသဘက်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် တစ်ရက်အတွင်း အနည်းဆုံး အကြိမ် (၂၀) ထက်မနည်းရှိပြီး အချို့ရက်များတွင် တစ်နေရာတည်း၌ အကြိမ် (၄၀) ကျော်အထိ ရှိခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ၁၆ ရက်တာအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်စခန်း ၁၆၀ ခန့်နှင့် မြို့ ၆ မြို့အထိ သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် သိမ်းပိုက်ခံနေရာများကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က နိုဝင်ဘာ ၁၀ ရက်နေ့တွင် စစ်ကောင်စီ မီဒီယာမှတစ်ဆင့် ဖြေဆိုထားသည်။ 

“ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိတယ်။ နောက် TNLA ဝင်ရောက်သွားတဲ့ သိန္နီမြို့မှာလည်း အဲဒီမှာရှိတဲ့တပ်တွေက လွှမ်းမိုးထားပြီဖြစ်တယ်။ ပြီးရင် လားရှိုးမြို့နဲ့ ကွတ်ခိုင်မြို့ အနီးတစ်ဝိုက်ကို ရှင်းလင်းဆောင်ရွက်ထားပြီးဖြစ်တယ်။ ကျနော်တို့ လက်လွှတ်ခဲ့ရတဲ့ မုံးကိုး၊ ချင်းရွှေဟော် မြို့တွေကိုလည်း ပြန်ပြီး လုံခြုံမှုတည်ဆောက်နိုင်ရေး ဆောင်ရွက်နေတာရှိတယ်” သူက ပြောသည်။  

လက်ရှိသိမ်းပိုက်ခံထားရသည့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်များနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များမှာ ဒေသ၏ အစိတ်အပိုင်းခန့်သာဖြစ်ပြီး စစ်ကောင်စီအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လုပ်ဆောင်နိုင်သလို၊ လုပ်နိုင်စွမ်းလည်းရှိသဖြင့် ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

စစ်ကောင်စီက သိမ်းပိုက်ခံထားရသည့် နေရာများကို  ပြန်လည်ရယူနိုင်ရေး လုပ်ဆောင်နေသော်လည်း မြေပြင်တွင် တိုက်ပွဲနယ်မြေများ ပို၍ ကျယ်ပြန့်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

“စစ်ပွဲက ရန်ကုန်ကိုတောင် ကူးစက်လာနိုင်တဲ့အခြေအနေမှာ စစ်ကောင်စီက သူတို့ဆုံးရှုံးသွားတဲ့ မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ဆိုတာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အရူးအိပ်မက် မက်နေတာသာဖြစ်တယ်။ အခုစစ်ကာလဟာ စစ်ကိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့ကို ရောက်ရှိလာနိုင်ပြီး ရန်ကုန်ဖက်အထိ ရောက်လာနိုင်တယ်” ဟု သူက ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲလျက်ရှိသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ကယားပြည်နယ်၏မြို့တော် လွိုင်ကော်အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီစခန်းများကို ယနေ့ နံနက် (၆:၃၀) အချိန်ခန့်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်း တို့ဘက်တွင်ရှိသော စစ်ကောင်စီ စခန်း (၇) ခုအား သိမ်းပိုက်ရရှိထားပြီး အခြားသောစခန်းများကိုလည်း ထပ်မံသိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်လျက်ရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်သော “၁၀၂၇ စစ်ဆင်ရေး” ကြောင့် စစ်ကောင်စီသည် နိုဝင်ဘာလ ၈ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ရသည်။

ကာလုံအစည်းအဝေးတွင် စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေက စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်အရေးတွင် စွမ်းစွမ်းတမံ မဆောင်ရွက်လျှင် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်သည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ကာလုံနောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲအရှိန် မြင့်တက်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က သုံးသပ်နေကြသည်။
ဟု ပြောကြားခဲ့ကြောင်း သိရသည်။

#D007 #DMG 

ဗီဒီယိုများ