- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ရခိုင်တွင် ရေဘေးကြောင့် ပျက်စီးသွားသော စပါးခင်းများ ပြန်လည်စိုက်ပျိုးနိုင်မှု အခြေအနေ
ထွန်ယက်စိုက်ပျိုးပြီး စပါးပင်များမှာ ရွှံ့၊ နွံ ဖုံးလွှမ်းကာ သေကြေပျက်စီးသွားသဖြင့် တောင်သူလယ်သမားများမှာ ပြန်လည်စိုက်ပျိုးရန်အတွက် ငွေကြေး၊ မျိုးစပါးနှင့် ပျိုးပင်အခက်အခဲများ ရှိနေကြသည်။
28 Aug 2023

DMG ၊ ဩဂုတ် ၂၈
ဩဂုတ်လဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် ရခိုင်က မြို့နယ် ၇ ခုတွင် စိုက်ပျိုးပြီးလယ်ဧက ၇ သောင်းကျော်ပျက်စီးပြီး ကျွဲ၊ နွား၊ ဆိတ်၊ ဝက် အကောင်ရေ ၁၃၉ ကောင် သေဆုံးသွားကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)က ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထွန်ယက်စိုက်ပျိုးပြီး စပါးပင်များမှာ ရွှံ့၊ နွံ ဖုံးလွှမ်းကာ သေကြေပျက်စီးသွားသဖြင့် တောင်သူလယ်သမားများမှာ ပြန်လည်စိုက်ပျိုးရန်အတွက် ငွေကြေး၊ မျိုးစပါးနှင့် ပျိုးပင်အခက်အခဲများ ရှိနေကြသည်။
“လုပ်နေကြတာတော့ တစ်ခုမှ မရှိသေးဘူး။ ပျိုးပင်တွေလည်း ရှာမရဘူး။ အကုန်လုံး ဒီလိုပဲထားရတယ်” ဟု ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာက ဦးမောင်ဖိုးက ပြောသည်။
ရေကြီးမှုကြောင့် ယိုးချောင်းဒေသ ပန်ဖဲချောင်းကျေးရွာတွင် လယ်ဧက ၁၀၀ ကျော်ခန့် ပျက်စီးခဲ့ပြီး အချို့မှာ ပြန်လည် စိုက်ပျိုးနေကြသော်လည်း ဖြစ်ထွန်းရန် မသေချာကြောင်း လယ်သမားများက ပြောကြသည်။
“ပျိုးပင်တွေလည်းမရှိတော့ စပါးနည်းနည်းလောက် ကြဲထားကြတယ်။ မိုးရာသီကလည်း ကုန်နေပြီ။ စပါးပင်က လက်နှစ်ဆစ်လောက်ပဲ ရှိသေးတယ်။ မိုးရွာမှ အဆင်ပြေမယ်” ဟု တောင်သူဦးရွှေမြသန်း ကပြောသည်။
ယိုးချောင်းဒေသတွင် ပန်းဖဲချောင်းကျေးရွာသည် ပျက်စီးမှုအများဆုံးဖြစ်ပြီး လယ်သမားအနည်းစုခန့်သာ ပြန်လည် စိုက်ပျိုးနိုင်ကြသည်။
လက်ရှိတွင် မိုးကုန်တော့မည်ဖြစ်၍ မျိုးစပါးကြဲ၍ အဆင်မပြေတော့ဘဲ ပျိုးပင်များစိုက်ပျိုးနိုင်မှသာ အဆင်ပြေနိုင်မည်ဟု လယ်သမားများက ပြောသည်။
ပန်ဖဲချောင်းကျေးရွာမှ ဦးထွန်းလှမောင်က “ကျနော်တို့ကို မျိုးစပါးပေးလို့လည်း အဆင်မပြေတော့ဘူး။ ဓာတ်မြေဩဇာ ကူညီလို့လည်း အဆင်မပြေနိုင်ဘူး။ ငွေကြေးထောက်ပံ့ပေးရင်တော့ ပျိုးပင်တွေရှိနိုင်တဲ့နေရာက ဝယ်ယူပြီး စိုက်လို့ရှိရင်တော့ အဆင်ပြေနိုင်တယ်” ဟု ပြောသည်။
ရေနစ်မြုပ်ဒဏ်ကို အများဆုံးခံလိုက်ရသည့် မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှ လယ်သမားများမှာလည်း ပျက်စီးသွားသော လယ်ယာမြေများကို ပြန်လည် ထွန်ယက်နေကြသော်လည်း မျိုးစပါးရှားပါးမှုကြောင့် ရိုးရိုးစပါးဖြင့်သာ စိုက်ပျိုးရသည့်အတွက် အပင်များ ရှင်သန်မှုမရှိ ဖြစ်နေကြောင်း လယ်သမားများက ပြောသည်။
“အခုလက်ရှိ ထွန်ယက်စိုက်ပျိုးနေကြတဲ့ လယ်တွေမှာ စပါးပင်တွေက ရက်ကြာလာတော့ သေသွားကြတယ်။ မျိုးစပါးတွေက မရှိတော့တာကြောင့် စားစပါးတွေကိုပဲ မျိုးစပါးလုပ်ပြီး ကြဲရတာကြောင့် ရှင်သန်မှုမရှိဘူး။ ပျိုးပင်တွေကလည်း တော်တော်လေးကို အခက်အခဲရှိတယ်” ဟု လယ်သမား ဦးမောင်လှက ပြောသည်။
အကူအညီလိုအပ်နေသော လယ်သမားများအတွက် ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီဌာနက မျိုးစပါးနှင့် ပျိုးပင်များ ထောက်ပံ့ရန် အစီအစဉ်ရှိကြောင်း ပြည်နယ်ညွှန်ကြားရေးမှူး ဦးထွန်းမြင့်က ဩဂုတ်လ ၁၅ ရက်နေ့က DMG သို့ ပြောကြားသော်လည်း လယ်သမားများထံ အကူအညီများ မရောက်သေးကြောင်း သိရသည်။
ရခိုင်ပြည်က လယ်သမားများမှာ ယခုနှစ်လယ်ယာလုပ်ငန်းကို မုန်တိုင်းဒဏ်ကြားမှ အခက်အခဲအမျိုးမျိုးနှင့် လုပ်ကိုင်ခဲ့ကြသော်လည်း ရေကြီးမှုဒဏ်ကို ထပ်မံကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
#I006