ရခိုင်တွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေ၍ ငွေသားပြတ်လပ်လာ

ဘဏ်စနစ်လည်ပတ်မှု မရှိတော့၍ ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နေသော Wave Pay၊ KBZ Pay အေဂျင်စီများမှာ ငွေသွင်းငွေထုတ်ပြုလုပ်ရာ၌ အခက်အခဲရှိလာ၍ ငွေကြေးရှိသူများထံမှ ငွေကြေးကို ဝယ်ယူကာ လုပ်ငန်းလည်ပတ်နေရသည်။ 

By Admin 07 Apr 2024

ကျောက်တော်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအား ဧပြီလ ၆ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ) 
ကျောက်တော်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအား ဧပြီလ ၆ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ) 

DMG ၊ ဧပြီ ၇ 

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည်တွင် မြို့နယ် ၁၁ ခုထက်မနည်း၌ ဘဏ်လုပ်ငန်းများ လည်ပတ်မှု ရပ်တန့်နေ၍ ငွေသားပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် ငွေလွှဲငွေထုတ် အေဂျင်စီများထံမှ သိရသည်။ 

ဘဏ်စနစ်လည်ပတ်မှု မရှိတော့၍ ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နေသော Wave Pay၊ KBZ Pay အေဂျင်စီများမှာ ငွေသွင်းငွေထုတ်ပြုလုပ်ရာ၌ အခက်အခဲရှိလာ၍ ငွေကြေးရှိသူများထံမှ ငွေကြေးကို ဝယ်ယူကာ လုပ်ငန်းလည်ပတ်နေရသည်။ 

“ဘဏ်တွေရပ်တန့်နေလို့ ဘဏ်အကောင့်ထဲက ငွေတွေကို ထုတ်လို့မရတော့ ငွေသားတွေက တော်တော်လေးကို ရှားပါးလာတယ်။ လုပ်ငန်းလည်ပတ်ဖို့ ငွေသားကို ရာခိုင်နှုန်းပေးပြီး ဝယ်ယူနေရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေအပါအဝင် ရခိုင်တောင်ပိုင်းက မြို့ ၅ မြို့တွင် ဘဏ်စနစ်လည်ပတ်မှုရှိနေပြီး ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ထားသော မြို့ ၈ မြို့နှင့် စစ်ရေးပြင်းထန်နေသည့် အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့တို့တွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည်။ 

ဘဏ်လုပ်ငန်းရပ်တန့်နေ၍ ဒေသခံများမှာ ငွေလွှဲငွေထုတ်အတွက် Online ငွေကြေးလည်ပတ်မှုစနစ်ကို အဓိက အားထားနေရပြီး ငွေသားရှားပါးလာမှုကြောင့် ငွေတစ်သိန်းလျှင် ၁၂ ရာခိုင်နှုန်းအထိ ငွေထုတ်ခ ပေးနေရသည်။

“ငွေသားရှားပါးလာတော့ ငွေထုတ်ခရာခိုင်နှုန်းက အရင်ကထက် ၃ ဆလောက် မြင့်တက်သွားတယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်ရင်တော့ အခက်အခဲတွေတော်တော်လေးကို ရှိလာနိုင်တယ်” ဟု တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက ထိန်းချုပ်ထားဆဲမြို့များတွင် ဘဏ်များကို ဖွင့်လှစ်ထားသော်လည်း ငွေကြေးလည်ပတ်မှုမရှိသဖြင့် Online ငွေလွှဲငွေထုတ် အေဂျင်စီများကိုသာ အားကိုးနေရကြောင်း ဒေသခံများထံမှ သိရသည်။ 

ဘဏ်စနစ်လည်ပတ်မှု ရပ်တန့်နေခြင်းကြောင့် ငွေသားပြတ်လပ်ကာ ငွေကြေးစီးဆင်းမှုမရှိတော့၍ ဒေသခံများ၏ လူမှုစီးပွားဘဝမှာ တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာနေသည်။

တိုက်ပွဲစတင်ချိန်မှစ၍ ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့လိုက်သဖြင့် စီးပွားရေးလုပ်ငန်းများမှာလည်း တဖြည်းဖြည်း ထိုးကျလာနေသည်။

“တိုက်ပွဲဖြစ်လို့ လမ်းတွေပိတ်လိုက်ကတည်းက ရခိုင်ပြည်ကထွက်ကုန်တွေ တစ်ခုမှကို တင်ပို့လို့မရဘူး။ ကိုယ်ပြည်ကကုန်တွေ မထွက်တော့ ဝင်ငွေမရဘဲ ထွက်ငွေပဲရှိနေတာကြောင့် ငွေသားက တစ်နေ့ထက်တစ်နေ့ ရှားလာဖို့ ပဲရှိတယ်” ဟု ရခိုင်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

ရခိုင်တိုက်ပွဲ လေးလကျော်အတွင်း ရခိုင်က မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင် မောင်တော၊ ဘူးသီးတောင်၊ အမ်းမြို့နယ်တို့၌ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ဗီဒီယိုများ