အမ်းစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းများကို ယခင်ထက်စစ်ဆေးမှုတင်းကျပ်လာ၍ ယာဉ်မောင်းများနှင့် ကုန်သည်များအခက်ကြုံ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေကားလမ်း အမ်းစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းများစစ်ဆေးမှုကို ယခင်ထက်ပိုမိုတင်းကျပ်စွာဆောင်ရွက်လာသဖြင့် ယာဉ်မောင်းနှင့်ကုန်သည်များ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

15 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေကားလမ်း အမ်းစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းများစစ်ဆေးမှုကို ယခင်ထက်ပိုမိုတင်းကျပ်စွာဆောင်ရွက်လာသဖြင့် ယာဉ်မောင်းနှင့်ကုန်သည်များ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး အမ်းစစ်ဆေးရေးဂိတ်တွင် ဂိတ်ဖြတ်သန်းမည့်ကုန်တင်ယာဉ်များ၌ တင်ဆောင်လာသောကုန်ပစ္စည်းများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်လက်မှတ်မပါဘဲ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ယာဉ်မောင်းများကဆိုသည်။

အဆိုပါခွင့်ပြုချက်လက်မှတ်မပါသည့်ယာဉ်များမှာ အမ်းစစ်ဆေးရေးဂိတ်တွင်ရပ်နားပြီး ခွင့်ပြုချက်လက်မှတ်ရရှိရန် စောင့်ဆိုင်းရကြောင်း ရန်ကုန်-စစ်တွေခရီးစဉ်ပြေးဆွဲနေသည့် “ကေသီဦး”ယာဉ်လိုင်းမှ ဂိတ်မှူးဦးမောင်ဝင်းရွှေကပြောသည်။

“ဘယ်ပစ္စည်းတွေကို နယ်လုံရဲ့လက်မှတ်ပါမှသယ်ယူခွင့်ရှိမယ်ဆိုတာကို ကုန်သည်တွေသိထားအောင် စာထုတ်ပေးသင့်တယ်။ အခုတော့ စစ်ဆေးရေးဂိတ်ရောက်မှ ဘယ်ပစ္စည်းကိုသယ်ယူဖြတ်သန်းမယ်ဆို နယ်လုံရဲ့ခွင့်ပြုချက်လက်မှတ်လိုတယ်ဆိုတော့ ဂိတ်မှာကားတွေရပ်နားပြီး လက်မှတ်ရဖို့ကိစ္စဆောင်ရွက်ရတာကြောင့် အချိန်တွေကြန့်ကြာသလို ကုန်တင်ကုန်ချစရိတ်လည်းပိုကုန်တယ်”ဟု ၎င်းကဆိုသည်။

အချို့ကုန်သည်များမှာ နယ်ဝေးမှဖြစ်သောကြောင့် စစ်ဆေးရေးဂိတ်တွင်အကူအညီတောင်းပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်လက်မှတ်ရရှိရန် ဆောင်ရွက်ရကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရာတွင် အချိန်တစ်ရက်မှ တစ်ခါတရံ ရက်သတ္တပတ်ခန့်စောင့်ဆိုင်းရကြောင်း ဦးမောင်ဝင်းရွှေကရှင်းပြသည်။

ကုန်ပစ္စည်းများကို ရခိုင်ပြည်နယ်အတွင်းသို့ သယ်ဆောင်ဖြတ်သန်းခွင့်ရရှိရန် စစ်တွေမြို့ရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံတွင် ခွင့်ပြုချက်လျှောက်ထားရခြင်းဖြစ်သည်။

“ကျောက်တော်မြို့နဲ့ ကမ်းထောင်းကြီးမြို့က အချို့ဆိုင်တွေဆို စည်ပင်လိုင်စင်မရှိဘူး။ စာထုတ်လို့လည်းမရဘူး၊ အဲလိုအခက်အခဲတွေရှိတယ်။ ဂိတ်မှူးတွေကပဲ အစိုးရရုံးမှာသွားလျှောက်ရတယ်။ ကုန်တင်ကားဆိုတာက ကုန်ပစ္စည်းမျိုးစုံတင်လာတာ၊ နယ်လုံလက်မှတ်စာရွက်ရလာမှပဲ ဂိတ်ကနေဖြတ်သန်းခွင့်ပြုတာဆိုတော့ အချိန်ကြန့်ကြာသွားတယ်။ စစ်တွေမြို့ ကုန်စည်စီးဆင်းမှုကိုလည်းနှောင့်နှေး‌စေတယ်”ဟု ကေသီဦးယာဉ်လိုင်းမှ ဂိတ်မှူး ဦးမောင်ဝင်းရွှေကပြောကြားသည်။

ယာဉ်ပေါ်ပါသည့်ကုန်ပစ္စည်းအချို့မှာ ခွင့်ပြုချက်မရှိပါက အဆိုပါကုန်ပစ္စည်းများကိုဂိတ်တွင်ထားခဲ့ရပြီး ယင်းကုန်ပစ္စည်းများကို ပြန်လည်သယ်ဆောင်ခွင့်ရရှိရန် ခွင့်ပြုချက်စာရွက်လျှောက်ထားနေချိန်တွင် ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုများရှိကြောင်းလည်း ‌ရွှေပြည်ရခိုင်ကားဂိတ်မှ ဂိတ်မှူး ဦးဝင်းနိုင်မှ DMG ကိုပြောသည်။

“ကုန်ပစ္စည်းတွေအကုန်စစ်နေတော့ အရင်ကလို ကုန်သွယ်စီးဆင်းမှုကမမြန်တော့ဘူး၊ ကြန့်ကြာနေတယ်။ ခွင့်ပြုချက်ရဖို့ တစ်ပတ်ဆယ်ရက်လောက်စောင့်ရတော့ တစ်လမှာ သုံးခေါက်ရောက်မယ့်ခရီးက အခုဆိုမရောက်တော့ဘူး”ဟု ၎င်းကပြောသည်။

ခွင့်ပြုချက်စာရွက်မှာ ရက်သတ္တပတ်တစ်ပတ်သာခွင့်ပြုထားပြီး သတ်မှတ်အချိန်ကာလကျော်လွန်သွားပါက ထပ်မံလျှောက်ထားရကြောင်းလည်း သိရသည်။

ယင်းသို့ ကုန်တင်ယာဉ်မောင်းနှင့် ကုန်သည်များကြုံတွေ့နေရသည့် အခက်အခဲ့နှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ယခင် မြန်မာစစ်တပ်နှင့် ရခိုင်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ခဲ့စဉ်က ဆန်နှင့်အခြားသောရိက္ခာများ သယ်ဆောင်လာသည့် မော်တော်ယာဉ်များကိုစစ်ဆေးခဲ့ပြီး ယခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယခင်ထက်စစ်ဆေးမှု ပိုမိုတင်းကျပ်လာကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ဗီဒီယိုများ