ရခိုင်တိုက်ပွဲ ၄ လကျော်အတွင်း အရပ်သား ၄၇၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ရခိုင်ဒေသခံ အမျိုသား ၄၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ယင်းအထဲတွင် မွတ်ဆလင်များလည်း ပါဝင်ကြောင်း က္ခိုင့်တပ်တော်(AA)၏ HDCO မှ ထုတ်ပြန်ထားသည်။

By Admin 06 Apr 2024

ရခိုင်တိုက်ပွဲ ၄ လကျော်အတွင်း အရပ်သား ၄၇၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

DMG ၊ ဧပြီ ၆

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလကျော်အတွင်း အရပ်သား ၄၇၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ထုတ်ပြန်သည်။ 

အမျိုသား ၄၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ယင်းအထဲတွင် မွတ်ဆလင်များလည်း ပါဝင်ကြောင်း HDCO မှ ထုတ်ပြန်ထားသည်။ 

“သူတို့ကို အကျည်းထောင်မှာ ထားပါတယ်။ မိသားစုနဲ့တော့ အဆက်အသွယ်ရတယ်။ ဒါပေမယ့် အပြစ်မရှိဘဲ ဒီလိုဖမ်းဆီးထားတာက မတရားဘူး။ သဗ္ဗာန်မောင်းပြီး လုပ်ကိုင်စားသောက်နေတာမှာ အခုလိုဖမ်းဆီးထားတော့ မိသားစုတွေမှာ အခက်အခဲဖြစ်တာပေါ့” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောသည်။  

အထက်ပါအမျိုးသမီး၏ မိသားစုဝင်တစ်ဦးမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က စစ်တွေမြို့ BXT ဆိပ်ကမ်းတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေသည့် သဗ္ဗာန်ကူးတို့သည် ၂၀ ကျော်နှင့် ဈေးသည်၊ ခရီးသည်၊ ကျောင်းသား အပါအဝင် အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။  

တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီသည် စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်း စသည့် မြို့နယ်များမှ ဒေသခံများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထားသည်။ 

AA ၊ CRPH ၊ NUG တို့နှင့် ဆက်စပ်သည်ဟုဆိုကာ အရပ်သားများကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)(၂)၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)(ခ) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်နေခြင်းဖြစ်သည်။ 

ယင်းအပြင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ဆက်နေကြသည့် ရခိုင်သတင်းမီဒီယာများတွင် ဖော်ပြသောသတင်းများအား မျှဝေခြင်း၊ မှတ်ချက်ပေးသူများကိုလည်း ဖမ်းဆီးတရားစွဲဆိုထားသည်။ 

“AA ကို စစ်တိုက်လို့မနိုင်ရင် ပြည်သူတွေကို ဖမ်းမယ်၊ မတရားနှိပ်စက်မယ်၊ ဒါတွေက စစ်ကောင်စီ လုပ်နေကျ လုပ်ရပ်တွေပဲ” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲ (၅)လနီးပါးအတွင်း ရခိုင်ပြည်က ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တို့ကို AA က သိမ်းပိုက်ရယူထားသည်။ 

လက်ရှိတွင်လည်း ဘူးသီးတောင်၊ မောင်တော၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ခုခံနေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။ 

ဗီဒီယိုများ