ရခိုင်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကမ်ပိန်းများ ပြုလုပ်လာ

“စစ်ကျွန်သက်တမ်းမရှည်ဖို့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ကြွေးကြော်ချက်နှင့်အတူ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့် ကမ်ပိန်းများ ရခိုင်ပြည်တွင် ပြုလုပ်လာနေသည်ကို တွေ့ရသည်။

By Admin 03 Apr 2023

BXT ဆိပ်ကမ်းတွင် ကပ်ထားသည့် ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်။ (ဓာတ်ပုံ - AASYC)
BXT ဆိပ်ကမ်းတွင် ကပ်ထားသည့် ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်။ (ဓာတ်ပုံ - AASYC)

DMG ၊ ဧပြီ ၃

“စစ်ကျွန်သက်တမ်းမရှည်ဖို့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ကြွေးကြော်ချက်နှင့်အတူ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့် ကမ်ပိန်းများ ရခိုင်ပြည်တွင် ပြုလုပ်လာနေသည်ကို တွေ့ရသည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (All Arakan Students’ & Youths’ Congress - AASYC)က ဦးဆောင်ပြီး ရခိုင်ဒေသခံများကို ဖုန်းမှတစ်ဆင့် SMS (မက်ဆေ့ချ်) ပို့ခြင်း၊ စစ်တွေမြို့ရှိ လူစည်ကားသောနေရာများတွင် စာကပ်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ပြုလုပ်နေခြင်း ဖြစ်သည်။

AASYC ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲလို့ သတ်မှတ်ထားပါတယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲလုပ်တယ်ဆိုတာက ဒီမိုကရေစီနည်းကျလုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ ၂၀၀၈ ကို ပြန်ပြီးအသက်သွင်းဖို့ လုပ်နေတာဖြစ်တယ်။ ဒါတွေကို ကျနော်တို့ လုံးဝ လက်မခံ ဆိုတဲ့ မူဝါဒအတိုင်း စလုပ်ရတာဖြစ်ပါတယ်။ နောက်လည်း ဆက်လက်လုပ်သွားမှာပါ” ဟု DMG ကို ပြောသည်။

ထို့အပြင် လာမည့်ရွေးကောက်ပွဲဖြင့် ရခိုင်လူမျိုးတို့လိုလားသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်၊ အမျိုးသားရေးရည်မှန်းချက်အတွက် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု မရနိုင်ကြောင်း AASYC တာဝန်ရှိသူက ဆက်ပြောသည်။

SMS(မက်ဆေ့ချ်)လက်ခံရရှိသူ စစ်တွေဒေသခံတစ်ဦးက “ကျနော့်ဖုန်းထဲကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ message တစ်ခုဝင်လာတော့ စိုးရိမ်သွားတယ်။ ဒါကတော့ အဖွဲ့အစည်းတစ်ခုက ပို့တာဖြစ်နိုင်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဘယ်လောက်ပဲလုပ်လုပ် ဒါက ပြည်သူတွေရဲ့ ဆန္ဒဖြစ်တယ်။ ရွေးကောက်ပွဲကို လက်ခံတဲ့သူတွေလည်းရှိသလို လက်မခံတဲ့သူတွေလည်းရှိတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရွေးချယ်ကြတာပေါ့လေ” ဟု ပြောသည်။

စစ်တွေမြို့ရှိ အထင်ကရနေရာများဖြစ်သော ကမ်းနားလမ်း၊ ကိုးရီးယားဆိပ်ကမ်း (BXT) နှင့် လူစည်ကားသောနေရာတို့တွင် ရွေးကောက်ပွဲဆန့်ကျင်ကြောင်း လက်ကမ်းစာစောင်များကို AASYC က ဧပြီလ ၁ ရက်နေ့က ဖြန့်ဝေခဲ့သည်။

“၂၀၂၃ ရွေးကောက်ပွဲသည် ရခိုင်ပြည်သူတို့ ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြပ်အတည်းနှင့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းပေးနိုင်မည် မဟုတ်သလို ရခိုင်ပြည်သူလူထု အတွက်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံရေးအဆင့်လောက်ကိုပင် အာမခံချက်ပေးနိုင်မည် မဟုတ်ကြောင်း” လက်ကမ်းစာစောင်တွင် ရေးသားထားသည်။

လက်ရှိမှာ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူများက စိတ်ဝင်စားမှုနည်းနေပြီး ပြည်သူနှင့် အဖွဲ့အစည်းများကလည်း ဆက်ပြီးဆန့်ကျင်မည့် အနေအထားရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးအောင်သောင်းရွှေက DMG ကို ပြောသည်။

“ရွေးကောက်ပွဲ လုပ်တယ်ဆိုတာကတော့ စစ်ကောင်စီက ထွက်ပေါက်ရှာနေတာ ဖြစ်တယ်။ စစ်ကောင်စီကတော့ သူ့ဟာနဲ့သူ လုပ်မယ်။ ဖြစ်ဖို့ မဖြစ်ဆိုတာက အခုလက်ရှိ နိုင်ငံရေးအခြေအနေနဲ့ အများကြီး သက်ဆိုင်နေတယ်။ လူထုကလည်း ပူးပေါင်းပါဝင်မှု ဘယ်လောက်ထိ ရှိနေမလဲ။ ကျနော်တို့ လွှတ်တော်ခေတ်က ရွေးကောက်ပွဲ ကျင်းပခဲ့တုန်းကလည်း ဘာတစ်ခုမှ ပြောခွင့်မရခဲ့ဘူး။ ဒါကြောင့် နောက်လည်း စိတ်မဝင်စားတဲ့ လူတွေက ပိုပြီးတော့ ဆန့်ကျင်လာနိုင်ခြေရှိတယ် ” ဟု ဦးအောင်သောင်းရွှေက ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ စစ်ရေးပဋိပက္ခအနေအထားအရ ရွေးကောက်ပွဲဖြစ်နိုင်ခြေ နည်းပါးကြောင်းလည်း ဦးအောင်သောင်းရွှေက ဆိုသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ ပြုလုပ်မည့်အချိန်ကို ကြေညာခြင်း မရှိသေးသော်လည်း “ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်”ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက အတိအလင်း ပြောဆိုထားသည်။

ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း ၅၀ ရှိပြီး၊ NLD ပါတီ အပါအဝင် ပါတီစုစုပေါင်း ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်သည်။ မှတ်ပုံတင်ထားသည့်ထဲတွင် ရခိုင်ပြည်မှ ပါတီ ၆ ခုပါဝင်ပြီး “အမျိုးသားရေး နိုင်ငံရေး လိုအပ်ချက်ကြောင့် ပါတီမှတ်ပုံတင်ရခြင်း” ဟု ဆိုကြသည်။

#R010

ဗီဒီယိုများ