မာန်အောင်တွင် နွားများ အရေပြားရောဂါဖြစ်ပွားနေ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းက ကျေးရွာအချို့တွင် နွားများအရေပြားရောဂါဖြစ်ပွားမှုများရှိနေကြောင်း နွားမွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။

02 Sep 2021

DMG ၊ စက်တင်ဘာ ၂

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းက ကျေးရွာအချို့တွင် နွားများအရေပြားရောဂါဖြစ်ပွားမှုများရှိနေကြောင်း နွားမွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။

ယခုရာသီတွင် နွားများမှာ ခွာနာလျှာနာဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်တွင် ခွာနာလျှာနာဖြစ်ပွားခြင်းမဟုတ်ဘဲ အရေပြားတွင် အနာပေါက်မှုများရှိနေပြီး သြဂုတ်လမှစတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း နွားမွေးမြူသူများကပြောသည်။

လက်ရှိမှာ အရေးပြားရောဂါဖြစ်ပွားနေသည့်နွားများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆေးကုသပေးလျှက်ရှိနေကြောင်း ဇိုင်ပင်ကျေးရွာမှ နွားမွေးမြူရေးလုပ်ကိုင်သူ ဦးအောင်ဝင်းတင်ကပြောသည်။

"နွားခန္ဓာကိုယ်မှာ ဘုတွေထလာပြီး ကျောက်ပုံစံအကွက်တွေထလာတယ်။ ပြီးတော့တစ်ချို့တွေမှာဆို အဝန်းလိုက် ပွင့်ထွက်သွားတာမျိုးတွေရှိတယ်။ အဲလိုဖြစ်နေတုန်း နွားတွေက အစာမစားဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေနံဆီတို့နဲ့လူးပြီး ဆေးကုသတာတွေလုပ်တယ်။ တစ်ချို့ဆေးခေါ်ထိုးတာတွေလုပ်တယ်" ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ အရေပြားရောဂါဖြစ်ပွားမှုရှိသော်လည်း နွားများသေဆုံးခြင်းမရှိကြောင်း သိမ္ဗလကျေးရွာမှ ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ကြီးကပြောဆိုသည်။

"နွားတွေကတော့ အဲလိုကျောက်ပေါက်တဲ့ပုံစံမျိုးဖြစ်တာတွေ ဒီဖက်မှာလဲ တော်တော်ရှိတယ်။ ဒါပေမဲ့ အသေအပျောက်တော့ မရှိဘူး။ ကျောက်ရောဂါလို့ဘဲပြောရမှာပေါ့။ အပူချိန်ပြင်းလို့ဖြစ်တာလို့ယူဆရမယ်"ဟု ဆိုသည်။

ယခုကဲ့သို့ နွားများကျောက်ရောဂါဖြစ်ပွားနေခြင်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ကုသလျက်ရှိနေကြပြီး သက်ဆိုင်ရာဌာနများသို့ တင်ပြအကြောင်းကြားခြင်းမရှိသေးကြောင်း နွားမွေးမြူရေးလုပ်ကိုင်သူများကပြောကြားသည်။

မာန်အောင်မြို့နယ်အတွင်း ဇိုင်ပင်၊ သိမ္ဗလ၊ ဒိုးတန်းကုန်း၊ ညောင်ကုန်း စသည့်ကျေးရွာများတွင် ယခင်နှစ်က နွားအများအပြား ရောဂါဖြစ်ပွားကာသေဆုံးမှုရှိခဲ့ပြီး နွားမွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် အရှုံးနှင့်ရင်ဆိုင်ခဲ့ရကြောင်း နွားမွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။

ဗီဒီယိုများ