မာန်အောင်မြို့နယ်တွင် ဝက်များရောဂါဖြစ်ပြီးသေဆုံးနေ

ဝက်များရောဂါဖြစ်ပွား၍သေဆုံးနေခြင်းကြောင့် ဝက်သားစားသုံးသူနည်းလာကာ ဝက်သားဈေးများလည်း ကျဆင်းနေကြောင်း တစ်ပိုင်တစ်နိုင်ဝက်မွေးမြူရေးလုပ်ကိုင်နေသူ ဒေါ်ချိုချိုကပြောသည်။

By DMG 21 Jan 2022

DMG ၊ ဇန်နဝါရီလ ၂၁

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ဝက်များရောဂါဖြစ်ပွားကာ သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

မာန်အောင်မြို့နယ်မှ င/အင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ခအုန်းမော်ကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ ကျွန်းရွာကျေးရွာ၊ မင်းပြင်ကျေးရွာ၊ မင်းဆိပ်ပြင်ကျေးရွာ၊ ညောင်ပင်လှကျေးရွာတို့တွင် ဝက်များရောဂါဖြစ်၍ သေဆုံးနေခြင်းဖြစ်သည်။

ဝက်များမှာ ဝမ်းပျက်ခြင်း၊ အစာမစားခြင်းတို့ဖြစ်ပြီးနောက် သေဆုံးနေခြင်းဖြစ်ကြောင်း သိမ်ကုန်ကျေးရွာမှ အိမ်တွင်းဝက်မွေးမြူသူ ဒေါ်အငယ်မက ပြောသည်။

"ဝက်အများစုက ဝမ်းပိတ်ဝမ်းလျှောတာ၊ အစာမစားတာတွေ ဖြစ်တယ်။ အဲလိုဖြစ်ပြီး လေးရက်လောက်ဆိုရင်သေကြတယ်။ ကျမတို့ရွာဖက်မှာ သေတာကတော့ အကောင် ၁၀ လောက်ရှိနေပြီ" ဟု ၎င်းကပြောဆိုသည်။

ဝက်များသေဆုံးမှုကြောင့် စီးပွားဖြစ်ဝက်မွေးမြူသူများအပြင် နေအိမ်တွင် တစ်ပိုင်တစ်နိုင်ဝက်မွေးမြူသူတို့မှာလည်း ဝင်ငွေများဆုံးရှုံးနေရကြောင်း မာန်အောင်ဒေသခံများက ဆိုကြသည်။

လက်ရှိ ဝက်များသေဆုံးမှုဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်ရန် ပို့ဆောင်ထားကြောင်း မာန်အောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"ဘယ်ရောဂါဆိုတာကို အတည်ပြုလို့မရသေးဘူး။ ရောဂါက သုံးလေးမျိုးလောက်ဖြစ်နေတာ။ အဲဒီအတွက်လည်း ကျနော်တို့ ဓာတ်ခွဲခန်းကိုပို့ထားတယ်။ အဖြေတော့မသိရသေးဘူး" ဟု ၎င်းကဆိုသည်။

ဝက်များရောဂါဖြစ်ပွား၍သေဆုံးနေခြင်းကြောင့် ဝက်သားစားသုံးသူနည်းလာကာ ဝက်သားဈေးများလည်း ကျဆင်းနေကြောင်း တစ်ပိုင်တစ်နိုင်ဝက်မွေးမြူရေးလုပ်ကိုင်နေသူ ဒေါ်ချိုချိုကပြောသည်။

"အရင်တုန်းကဆို ဝက်တွေဈေးကောင်းခဲ့တယ်။ အခုဝက်ရောဂါဖြစ်နေတော့ ဝယ်မယ့်သူတွေမရှိတော့ဘူး။ မင်္ဂလာပွဲတွေကလည်း ဝက်သားနဲ့မလုပ်ကြတော့ဘူး။ ရွာတွေမှာလည်း ဝက်သားရောင်းတာ၊ စားတာ နည်းသွားကြတယ်" ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း ရခိုင်ကမြို့နယ်အချို့တွင် ဝက်များရောဂါဖြစ်ပွားပြီး အစုလိုက်အပြုံလိုက် သေဆုံးမှုရှိခဲ့သည်။

ထိုသို့ဝက်များသေဆုံးမှုမှာ ပုဏ္ဏားကျွန်းမြို့နယ်တွင်အဖြစ်များခဲ့ပြီး ဝက်များမှာ မျက်ခွံဝါခြင်း၊ အစာမစားခြင်း၊ နှာရည်ယိုခြင်း၊ ဝမ်းချုပ်ဆီးချုပ်ခြင်း စသည့်ရောဂါလက္ခဏာများဖြစ်ကာ သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးဝက်များထံမှ သွေးနမူနာရယူပြီး ရန်ကုန်တိုင်းဒေသကြီး တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်ချက်အဖြေအရ ရခိုင်မှဒေသဝက်များ အစုလိုက်အပြုံလိုက်သေဆုံးခြင်းမှာ သွေးအားနည်းခြင်းရောဂါဖြစ်သော Porcine circovirus type 2 (PCV2) ရော

ဂါကြောင့်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းစိုးက DMG ကို ပြောဆိုထားသည်။

အဆိုပါ PCV 2 ရောဂါမှာ ဝက်များတွင်ဖြစ်လေ့ရှိပြီး ရာသီဥတုအေး၍ ကိုယ်ခံအားကျဆင်းသည့်အခါ အဖြစ်များတတ်ကြောင်း၊ ဝက်အချင်းချင်းသာ ကူးစက်တတ်သောရောဂါဖြစ်ကြောင်း ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ