ရခိုင်တွင် ကိုဗစ်ကူးစက်မှုမရှိသလောက်နည်းပါးနေချိန် အကျဉ်းသားများ မိသားစုဝင်များနှင့် ထောင်ဝင်စာတွေ့ဆုံခွင့်မရသေး

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုးကူးစက်မှုမရှိသလောက်နည်းပါးနေချိန်အတွင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးက အကျဉ်းသားများနှင့် အချုပ်သားများသည် မိမိတို့၏ မိသားစုနှင့် ထောင်ဝင်စာတွေ့ဆုံခွင့် မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

By Admin 18 Dec 2022

ရခိုင်တွင် ကိုဗစ်ကူးစက်မှုမရှိသလောက်နည်းပါးနေချိန် အကျဉ်းသားများ မိသားစုဝင်များနှင့် ထောင်ဝင်စာတွေ့ဆုံခွင့်မရသေး

DMG | ဒီဇင်ဘာ ၁၈

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုးကူးစက်မှုမရှိသလောက်နည်းပါးနေချိန်အတွင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးက အကျဉ်းသားများနှင့် အချုပ်သားများသည် မိမိတို့၏ မိသားစုနှင့် ထောင်ဝင်စာတွေ့ဆုံခွင့် မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ရောဂါကူးစက်မှု ၁ ရာခိုင်နှုန်းအောက်လျော့နည်းလာပြီဖြစ်သောကြောင့် ရခိုင်ဒေသအတွင်းတွင် ကန့်သတ်ထားသည့် ကိုဗစ်စည်းမျဉ်းစည်းကမ်းများကို စစ်ကောင်စီက တဖြည်းဖြည်း ဖြေလျော့လာသည့်အပြင် ရခိုင်ပြည်နယ်နေ့ကဲ့သို့ နေ့ထူးနေ့မြတ်များတွင် ပွဲလမ်းသဘင်များကိုပါ ပြည်နယ်စစ်ကောင်စီက ဦးစီးကျင်းပလာနေခြင်းဖြစ်သည်။

သို့သော်လည်း ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်ကာ ကန့်သတ်ထားသည့် အကျဉ်းထောင်အတွင်း အကျဉ်းသာများနှင့် မိသားစုဝင်များ လူတွေ့ တွေ့ဆုံခွင့်ကို လက်ရှိ ကိုဗစ်စည်းကမ်းများ တဖြည်းဖြည်း ဖြေလျော့လိုက်သည့်အချိန်အထိ ကန့်သတ်ထားဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“လူချင်းတွေ့ခွင့်မရပါဘူး။ လိုအပ်တဲ့ပစ္စည်းတွေသွားပို့ရင်တော့ လက်ခံတယ်။ တွေ့ချင်ရင် ရုံးချိန်းတွေမှာပဲ တွေ့လို့ရတယ်။ ဒါတောင်ခဏလေးတွေ့ဖို့ကို ပိုက်ဆံပေးရတယ်။ ဘာဖြစ်လို့ လူချင်းတွေ့ခွင့်မပေးလဲတော့မသိဘူး။ ပစ္စည်းတွေပဲ ပို့ပေးလို့ရတယ်”ဟု နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာ ဉပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရပြီး စစ်တွေအကျဉ်းထောင်အတွင်း အမှုရင်ဆိုင်နေရသူ ပုဏ္ဏားကျွန်းဒေသခံ ဦးဘလှိုင်၏ဇနီးဖြစ်သူ မအေးအေးခိုင်က DMG သို့ ပြောသည်။

ကိုဗစ်ရောဂါကြောင့် လူစုလူဝေး ကန့်သတ်ချက်များအား တဖြည်းဖြည်း ပယ်ဖျက်လာသည့်အချိန်တွင် ယခုကဲ့သို့ ကိုဗစ်စည်းကမ်းများအား အကြောင်းပြကာ ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားခြင်းမှာ မဖြစ်သင့်တော့ကြောင်းနှင့် အကျဉ်းသားများ၏ ရပိုင်ခွင့်ကို ချိုးဖောက်ရာကျကြောင်း လူအခွင့်အရေးလေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။

“လူ့အခွင့်အရေးအရ ပြောရမယ်ဆိုရင် အကျဉ်းသားအခွင့်အရေးချိုးဖောက်တာပေါ့။ အကျဉ်းသားတွေမှာလည်း မိသားစုနဲ့ တွေ့ဆုံခွင့်ရှိတယ်လေ။ အခုက ကိုဗစ်စည်းကမ်းတွေဖြေလျော့လို့ ပွဲလမ်းသဘင်တွေပါ ကျင်းပနေတဲ့အချိန်မှာ ကိုဗစ်ကြောင့်ဆိုပြီး အကျဉ်းသားတွေနဲ ့တွေ့ဆုံခွင့်ပိတ်ပင်ထားတယ်ဆိုတာ လူ့အခွင့်အရေး ချိုးဖောက်တာပါ”ဟု လူ့အခွင့်အရေး လေ့လာသုံးသပ်သူ ဦးမြတ်ထွန်းက ပြောဆိုထားသည်။

ယခုကဲ့သို့ ထောင်ဝင်စာတွေ့ဆုံခွင့်မရသောကြောင့် ထောင်အတွင်းအကျဉ်းကျနေသည့် မိသားစုဝင်များ၏ ကျန်းမာ ရေးအခြေအနေကို တစ်စုံတစ်ရာမသိရသည့်အပြင် ယူဆောင်လာသည့် အစားအသောက်များနှင့် အသုံးအဆောင် ပစ္စည်းများအား စစ်တွေအကျဉ်းထောင်ဂိတ်ဝတွင် တာဝန်ကျသည့် အစောင့်များထံတွင်သာ အပ်နှံခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်မိကြောင်း အကျဉ်းသားများ၏ မိသားစုဝင်များက ပြောဆိုနေကြသည်။

ထို့အပြင် စစ်တွေအကျဉ်းထောင်အတွင်း ထောင်ဒဏ် ၁၃ နှစ်အထိချမှတ်ခံထားရသည့် ရခိုင်ပြည်၊ ဝန်ကြီးချုပ်‌ဟောင်း ဦးညီပုနှင့် မိသားစုဝင်များတွေ့ဆုံခွင့်မရသေးသည့်အပြင် ၀န်ကြီးချုပ်ဟောင်း ဦးညီပု၏ ဘယ်ဘက်မျက်စိတစ်ဖက်မှာ တိမ်စွဲကပ်နေခြင်းကြောင့် မမြင်ရဘဲဖြစ်နေသဖြင့် အမြန်ဆုံးခွဲစိတ်ကုသခွင့်ရရန် မိသားစုဝင်များကလိုလားနေကြကြောင်း သိရသည်။

ယင်းကဲ့သို့ပင် အသတ်ခံခဲ့ရသည့် မနွယ်သန္တာဝင်းအမှုတွင် သံသယရှိသူအဖြစ် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသည့် အသက် ၁၉ နှစ်အရွယ် ကိုမျိုးချစ်စိုးမှာလည်း လက်ရှိအချိန်တွင် စစ်တွေအကျဉ်းထောင်အတွင်း၌ အမှုရင်ဆိုင်နေရပြီး မိသားစုနှင့် တွေ့ဆုံခွင့်မရသည်မှာ သုံးလနီးပါးကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

“သားလေးနဲ့တွေ့ခွင့်မရပါဘူး။အကျဉ်းထောင်ထဲမှာ အမှုစစ်ဆေးတဲ့အချိန်တည်းက တွေ့ခွင့်မရတာပါ။ ကျန်းမာ ရေးအခြေအနေဘယ်လိုရှိလဲ။ နေကောင်းလား၊ ကျန်းမာရဲ့လား ဘာမှမသိရဘူး။ ထောင်ဝင်စာသွားတွေ့လည်း သားလေးအတွက် ယူသွားတဲ့စားစရာတွေ၊ ပစ္စည်းတွေကို ထောင်ကအစောင့်ကိုပဲ ပေးခဲ့ရတော့ သားလေးဆီ ရောက်ရဲ့လားသိချင်မိတယ်”ဟု ကိုမျိုးချစ်စိုး၏မိခင် ဒေါ်လှသိန်းနွယ်ကပြောသည်။

မိသားစုဝင်များအနေဖြင့် အကျဉ်းချခံနေရသူများနှင့် ထောင်ဝင်စာလူတွေ့ တွေ့ခွင့်ရရန် တောင်းဆိုနေမှုများအား မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေကြောင်း၊ မည်သည့်အတွက်ကြောင့် လက်ရှိအချိန်ထိ အကျဉ်းထောင်အတွင်း အကျဉ်းသားများနှင့် လူတွေ့ တွေ့ဆုံခွင့်ကန့်သတ်ထားဆဲဖြစ်သည်ကို သိရှိလိုသည့်အတွက် စစ်တွေအကျဉ်းားစီးဌာနမှတာဝန်ရှိသူထံ DMGမှ ဆက်သွယ်မေးမြန်းခဲ့ရာ မိသားစုရေးကိစ္စခွင့်ယူထားသည့်အတွက် နောက်မှ ပြန်ဆက်သွယ်ပါမည်ဟု ပြောဆိုထားသည်။

အကျဉ်းသားများနှင့် လူချင်းတွေ့ခွင့်ကို ကန့်သတ်ထားသည်မှာ ကိုဗစ်စည်းကမ်းများနှင့် အညီကန့်သတ်ထားခြင်းဖြစ်ကြောင်း စစ်တွေအကျဉ်းထောင်နှင့် နီးစပ်သူများ၏ ပြောဆိုချက်များအရသိရသည်။ လက်ရှိတွင် ကိုဗစ်ရောဂါဖြစ်ပွားနှုန်း ကျဆင်းနေသောကြောင့် ယင်းကန့်သတ်ချက်ကို ရုတ်သိမ်းပေးရန် အကျဉ်းကျနေသူများ၏ မိသားစုဝင်များကလိုလားနေကြခြင်းဖြစ်သည်။

ဗီဒီယိုများ