ပုသိမ်ထောင် အဓိကရုဏ်းဖြစ်စဉ်အတွင်း နိုင်ကျဉ်း ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

ပုသိမ်ထောင်အတွင်း ဖိနှိပ်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသားအချို့ ဆန္ဒပြရန်ကြိုးစားစဉ် ထောင်အာဏာပိုင်များနှင့် အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း ပုသိမ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

By Admin 07 Jan 2023

ပုသိမ်ထောင် အဓိကရုဏ်းဖြစ်စဉ်အတွင်း နိုင်ကျဉ်း ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

မနေ့ဖြစ်ပွားခဲ့သည့် ပုသိမ်အကျဉ်းထောင်တွင်း အခြေအနေကို တပ်မတော်က ထုတ်ပြန်ထားသည့် ဓာတ်ပုံများ။

DMG ၊ ဇန်နဝါရီ ၇

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်အတွင်း ဆန္ဒပြရန်ကြိုးစားမှုကြောင့် ထောင်အာဏာပိုင်များနှင့် အကျဉ်းသားတို့အကြား အဓိကရုဏ်းဖြစ်ပွားကာ နိုင်ငံရေးအကျဉ်းသား ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

ပုသိမ်ထောင်အတွင်း ဖိနှိပ်ခံရမှုကြောင့် ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့က နိုင်ငံရေးအကျဉ်းသားအချို့ ဆန္ဒပြရန်ကြိုးစားစဉ် ထောင်အာဏာပိုင်များနှင့် အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း ပုသိမ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေ မကျေနပ်လို့ဆန္ဒပြမယ်။ ထောင်ထဲကလည်း စည်းကမ်းအရမ်းကြပ်တယ်။ အဲဒီအပေါ် ဆန္ဒပြမလို့ သူတို့တွေ ပြင်နေတယ်ထင်တယ်။ ထောင်ပိုင်က တန်းစီးတွေ၊ တာဝန်ကျဝန်ထမ်းတွေကို ခေါ်ပြီး အကျဉ်းသားတွေကို ဆွဲထုတ်ပြီး ရိုက်ခိုင်းတယ်။ အကျဉ်းသားတွေ တော်တော်လေးထိခိုက်သွားတယ်။ ဝန်ထမ်းတွေက နည်းနည်းလေးပဲ ထိခိုက်တာရှိခဲ့တယ် ” ဟု ၄င်းကပြောသည်။

ထို့အပြင် ပုသိမ်မြို့တွင်းရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့က အကျဉ်းထောင်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခဲ့မှုရာ နိုင်ငံရေးအကျဉ်းသား ၁ ဦးသေဆုံးခဲ့ကာ ၇ ဦးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနီးစပ်သူက ထပ်မံပြောဆိုသည်။

သေဆုံးသွားသူမှာ ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး ဆိုသူဖြစ်ပြီး ကိုဖိုးလပြည့်၊ ကိုဝင်းမင်းထက်၊ ကိုစိုးယုကျော်၊ ကိုဝေဇော်လတ်၊ ကိုအောင်ထွန်းမြင့်၊ ကိုကျော်ရဲအောင်၊ ကိုရဲသွေးနီ တို့ (၇)ဦးမှာ ယနေ့ (ဇန်နဝါရီ ၇ ရက်)တွင် ပုသိမ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး လုပ်ဆောင်သူများထံက သိရသည်။

“သေဆုံးတဲ့သူက ကိုဝေယံဖြိုး ဖြစ်ပါတယ်။ ကျန်တဲ့ ၇ ဦးကတော့ ဒဏ်ရာအရမ်းပြင်းလို့ ပုသိမ်ဆေးရုံကို ပို့ထားရတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့သိရတယ် ” ဟု နိုင်ငံရေးအကျဉ်းသားများအရေး ကူညီလုပ်ဆောင်သူတစ်ဦးက ဆိုသည်။

အဆိုပါ ပုသိမ်အကျဉ်းထောင်ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက မနေ့ကသတင်းထုတ်ပြန်ရာ ပုသိမ်ထောင်ရှိ အကျဉ်းသား ၁ ဦးထံမှ Keypad ဖုန်းတလုံး သိမ်းဆည်းရမိမှုအပေါ် အရေးယူခဲ့ခြင်းအား မကျေနပ်သဖြင့် အကျဉ်းသားများက ရုန်းရင်းဆန်ခတ် ထောင်ဆူမှုဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ထို့နောက် ဇန်နဝါရီ ၆ ရက်တွင် အကျဉ်းထောင်ရှိ အိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊ အချုပ်သား ၇၀ ဦးခန့်သည် အိပ်ဆောင်တံခါးများအား ဖျက်ဆီးခြင်း၊ ဌာနဝန်ထမ်းများကို အော်ဟစ်ဆဲဆိုခြင်း၊ ရန်မူရန်ကြိုးပမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဖြစ်စဉ်အားထိန်းသိမ်းရန် အကျဉ်းဦးစီးဌာနတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များက အကျဉ်းထောင်အတွင်း ဝင်ရောက်၍ အကျဉ်းသား၊ အချုပ်သားများအား လူစုခွဲရန် ပြောဆိုသည်ကို အကျဉ်းသားများက ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက် များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး တုတ်/ဒိုင်းများ အသုံးပြုနှိမ်နင်းခဲ့ကြောင်း ဆိုထားသည်။

ထိုဖြစ်စဉ်များအတွင်း အကျဉ်းထောင်တွင်းရှိ အချုပ်သားအချင်းချင်း ရိုက်နှက်ခဲ့မှုကြောင့် အကျဉ်းကျ အချုပ်သား ၁ ဦးသေဆုံးကာ အကျဉ်းသား၊ အချုပ်သား ၆၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်များကြောင့် ပုသိမ်အကျဉ်းထောင်တွင် ထောင်ဝင်စာပေးပို့ခွင့်ကို ယနေ့ကစပြီး ယာယီရပ်နားလိုက်ကြောင်း အကျဉ်းချခံ မိသားစုဝင်များထံက သိရသည်။

“ထောင်ဝင်စာပို့ခွင့်ပိတ်ထားလိုက်တယ်။ ဒီနေ့သွားပို့မလို့။ ပို့မရဖြစ်နေတယ်။ ဘယ်နေ့မှ ပြန်ပေးမလဲဆိုတာ မသိရသေးဘူး” ဟု ပုသိမ်မြို့မှ အကျဉ်းချခံ မိသားစုဝင်တစ်ဦးကပြောသည်။

ပုသိမ်အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုမှာ အလွန်ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP) မှ မနေ့က သတင်းထုတ်ပြန်သည်။

လက်ရှိမှာ ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၅၀ ကျော်မှာ ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

#F004

ဗီဒီယိုများ