စစ်တွေ ဒါးပိုင်မွတ်ဆလင်ရွာစျေး မီးလောင်မှု ဆိုင်ခန်း ၁၀ ကျော်ဆုံးရှုံး

ဇွန်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ဒါးပိုင်စျေးရှိ ထင်းနှင့်မီးသွေးရောင်းသည့် ဆိုင်ခန်းတစ်ခု၏ မိုးဖိုချောင်မှ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

By Admin 13 Jun 2023

ဒါးပိုင်ဈေး မီးလောင်ကျွမ်းမှုအခြေအနေကို ယနေ့နံနက်ပိုင်းက မြင်တွေ့ရစဉ်။
ဒါးပိုင်ဈေး မီးလောင်ကျွမ်းမှုအခြေအနေကို ယနေ့နံနက်ပိုင်းက မြင်တွေ့ရစဉ်။

DMG ၊ ဇွန် ၁၃

စစ်တွေမြို့နယ် အနောက်ဘက် ဒါးပိုင် မွတ်ဆလင်ကျေးရွာတွင် စျေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားပြီး စျေးဆိုင်ခန်း ၁၂ ခန်း မီးလောင်သွားကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ဒါးပိုင်စျေးရှိ ထင်းနှင့်မီးသွေးရောင်းသည့် ဆိုင်ခန်းတစ်ခု၏ မိုးဖိုချောင်မှ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်က ဆိုင်ပိတ်ပြီးတော့ ၇ နာရီမှာ အိမ်ကို ထမင်းစားဖို့သွားပါတယ်။ ထမင်းစားပြီးတော့ ကျနော်တို့ဆိုင်ဘေးကဆိုင်မှာ မီးဖိုချောင်က မီးလောင်တယ်လို့ သိရတယ်။ ကျနော် ဆိုင်ကိုသွားကြည့်တယ်။ ဆိုင်ကိုရောက်တော့ အထဲတောင်ဝင်လို့ မရလိုက်တော့ဘူး။ အကုန်လုံးပါသွားတာ ” ဟု ဈေးဆိုင်ပိုင်ရှင် ဦးရွှေဝင်းက ပြောသည်။

မီးစတင်လောင်ကျွမ်းသောဆိုင်ခန်းနှင့် တစ်ဆက်တည်းဖြစ်နေသော ကုန်စုံဆိုင်၊ ကွမ်းယာဆိုင် အပါအဝင် အခြားဆိုင်ခန်း ၁၂ ခန်းမှာ မီးလောင်ပြာကျသွားခဲ့ရသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း ဆိုင်ခန်းများ၏ မီးလောင်ဆုံးရှုံးမှု စုစုပေါင်းတန်ဖိုးမှာ ခန့်မှန်းခြေ ငွေကျပ်သိန်း ၂ ထောင်ခန့်ရှိကြောင်း ဒါးပိုင်ကျေးရွာမှ မွတ်ဆလင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဈေးထဲမှာ ဆိုင်တွေပိတ်ပြီးတော့ ထမင်းစားဖို့ပြန်သွားကြတဲ့အချိန်မှာ လောင်တာပါ။ လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်း (၂) ထောင်လောက် ရှိမယ်ထင်ပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မီးသတ်ဦးစီဌာနကလည်း မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် ဈေးဆိုင်ခန်း (၁၀) ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ခန်းအတွင်း ဖယောင်းတိုင်မီး ထွန်းညှိထားခဲ့ရာမှ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၀) နှင့် မီးငြိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးတို့ ပါဝင်ငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီကျော်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပြည်နယ်မီးသတ်က ဆိုသည်။

မီးလောင်မှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာမရှိသော်လည်း မီးဘေးဒုက္ခသည် စုစုပေါင်း (၅) ဦးမှာ နီးစပ်ရာဆွေမျိုးများအိမ်တွင် ယာယီနေထိုင်လျက်ရှိကြောင်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

#I003 

ဗီဒီယိုများ