ဒေါ်ညိုအေးအမှုတွင် တရားလိုဘက်မှ ရုံးချိန်း ၅ ကြိမ်ဆက်တိုက် ပျက်ကွက် 

“လိုပြသက်သေ ၇ ယောက်မှာ ၅ ယောက် စစ်ပြီးပြီ။ ကျန်နှစ်ယောက်ကပဲ ရုံးချိန်းပျက်နေတာ” ဟု ဒေါ်ညိုအေး၏ သမီး ဒေါ်စောမြသန္တာက ပြောသည်။

By Admin 14 Nov 2023

စစ်တွေဆေးရုံကြီးတွင်  အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရသည့် ဒေါ်ညိုအေးကို စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ 
စစ်တွေဆေးရုံကြီးတွင်  အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရသည့် ဒေါ်ညိုအေးကို စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ 

DMG ၊ နိုဝင်ဘာ ၁၄ 

နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးအမှုတွင် တရားလိုဘက်မှ ရုံးချိန်းပျက်ကွက်နေသည်မှာ (၅)ကြိမ်ဆက်တိုက် ရှိလာပြီဟု မိသားစုဝင်များက ပြောသည်။ 

ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် ရုံးချိန်းခဲ့သော်လည်း တရားလိုဘက်မှ လိုပြသက်သေ မရောက်သဖြင့် အမှုမစစ်ဆေးဘဲ နိုဝင်ဘာလ ၂၄ ရက်နေ့သို့ ထပ်မံ ရုံးချိန်းလိုက်သည်။ 

“လိုပြသက်သေ ၇ ယောက်မှာ ၅ ယောက် စစ်ပြီးပြီ။ ကျန်နှစ်ယောက်ကပဲ ရုံးချိန်းပျက်နေတာ” ဟု ဒေါ်ညိုအေး၏ သမီး ဒေါ်စောမြသန္တာက ပြောသည်။

ဒေါ်ညိုအေးမှာ ရခိုင်ပြည်အတွင်း အမျိုးသမီးအရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူဖြစ်ပြီး (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံရသည်။ ယင်းနောက်  စစ်တွေမြို့အမှတ်(၁)ရဲစခန်း စခန်းမှူးက တရားလိုလုပ်ကာ ပုဒ်မ - ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ 

ဒေါ်ညိုအေးမှာ သွေးတိုးရောဂါအပြင် အသည်းအဆီဖုံးရောဂါဖြစ်နေ၍ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသဖြင့် ဆေးကုသခွင့်ရရန် မြို့နယ်အကျဉ်းဦးစီးဌာနသို့ အောက်တိုဘာလ ၂၂ ရက်နေ့က စာတင်ထားသော်လည်း တစ်လခန့်ကြာထိ ဆေးကုသခွင့်မရရှိသေးကြောင်း ဒေါ်စောမြသန္တာက ပြောသည်။

“ဆေးကုသခွင့်တင်ထားလည်း ဘာမှမထူးခြားဘူး။ အကျဉ်းဦးစီးကို သွားတွေ့တော့လည်း အတွေ့မခံဘူး။ ဆေးမှတ်တမ်းတွေ အကုန်လုံးကိုလည်း သူတို့ယူထားတယ်။ အမေရဲ့ ကျန်းမာရေးကလည်း ကောင်းလိုက်၊ ပြန်ဖြစ်လိုက်ဆိုတော့ ဆေးကုသခွင့် ရစေချင်တယ်” ဟု သူက ပြောသည်။ 

တရားစွဲခံထားရသူတစ်ဦးသည် တရားရုံးမှအမိန့်မချသရွေ့ အပြစ်ကင်းစင်သည့် သာမန်အရပ်သားသာဖြစ်သဖြင့် ဆေးကုသခွင့်၊ မိသားစုဝင်နှင့် ထောင်ဝင်စာတွေ့ခွင့်ရှိကြောင်း ရှေ့နေအသိုင်းအဝိုင်းက ပြောဆိုကြသည်။

ကျန်းမာရေးချို့ယွင်းနေသော ဒေါ်ညိုအေးအား ဆေးကုခွင့်မပြုခြင်းမှာ လူ့အခွင့်အရေးချိုး‌ဖောက်နေခြင်းဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။ 

“အကျဉ်းထောင်နဲ့ လူ့အခွင့်အရေးတွေထဲမှာ အကျဉ်းထောင်အရာရှိတွေ လိုက်နာကျင့်သုံးရမယ့် စံချိန်စံနှုန်းအချက် ၁၂ ချက်ရှိတယ်။ အဲဒီအထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပါတယ်။ ဒါတွေကို မလိုက်နာရင် အကျဉ်းထောင်အရာရှိဟာ လူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်တယ်။ အကျဉ်းသားကို  ပစ်ပယ်ထားလို့ မရဘူး” ဟု သူက ပြောသည်။ 

အကျဉ်းထောင်လက်စွဲဥပဒေတွင် အကျဉ်းသားတိုင်းသည် ထောင်တွင်းအကျဉ်းကျနေစဉ် ကာလအတွင်း သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိပိုင်ခွင့်များရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာတွေ့ခွင့်ရှိကြောင်း ပြဌာန်းထားသည်။ 

#D006 #DMG

ဗီဒီယိုများ