နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ တောင်းဆို 

ပါတီခေါင်းဆောင်နှစ်ဦးအပါအဝင် ရခိုင်က ဖမ်းဆီးခံထားရဆဲ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် စစ်ကောင်စီနှင့် AA ကို ရခိုင့်ဦးဆောင်ပါတီ(AFP)က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။  

By Admin 09 Sep 2023

ဖမ်းဆီးခံထားရသော AFP ပါတီခေါင်းဆောင် ဦးကျော်ဇောဦး(ဝဲ) နှင့် ဦးကျော်လွင်(ယာ)
ဖမ်းဆီးခံထားရသော AFP ပါတီခေါင်းဆောင် ဦးကျော်ဇောဦး(ဝဲ) နှင့် ဦးကျော်လွင်(ယာ)

DMG ၊ စက်တင်ဘာ ၉

ပါတီခေါင်းဆောင်နှစ်ဦးအပါအဝင် ရခိုင်က ဖမ်းဆီးခံထားရဆဲ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် စစ်ကောင်စီနှင့် AA ကို ရခိုင့်ဦးဆောင်ပါတီ(AFP)က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။  

AFP ဒု-ဥက္ကဌ ဦးကျော်ဇောဦးနှင့် အကြံပေး ဦးကျော်လွင်တို့ကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည်မှာ တစ်နှစ်နီးပါးကြာမြင့်ပြီဖြစ်ကာ ULA/AA ထိန်းချုပ်မှုအောက်တွင်ရှိသော စစ်ဒေသအသီးသီးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။  

ဦးကျော်ဇောဦးနှင့် ဦးကျော်လွင်တို့နှစ်ဦးကို ထိန်းသိမ်းထားခြင်းသည် AA အတွက် အကျိုးမရှိသည့်အပြင် ထိန်းသိမ်းခံထားရသူ နှစ်ဦးအတွက်လည်း အကျိုးမရှိသဖြင့် ပြန်လွှတ်ပေးသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။  

“ဥာဏ်ရည်ပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေကို သူတို့နဲ့လျော်ညီတဲ့ နေရာတွေမှာထားပြီမှ သုံးစွဲခြင်းဟာ အတွေးအခေါ်မြင့်မားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ သူတို့နှစ်ဦးကိုထားသင့်တဲ့ နေရာမှာထားရင် အလွန်တရာကိုထက်မြက်ပြီးတော့ ရည်မှန်းချက်ကို ပေါက်ရောက်အောင် ဦးဆောင်သွားနိုင်တဲ့ အရည်အချင်း သူတို့မှာရှိတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။ 

ပါတီထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို နိုင်ငံရေးပါတီအခန်းကဏ္ဍတွင် အသုံးပြုရန်လိုအပ်၍ ပြန်လွှတ်ပေးရန် တောင်းဆိုရခြင်းဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။  

၎င်းတို့နှစ်ဦးသည် စစ်ရေးကာလတွင် ပြည်သူများ စိတ်ဝမ်းကွဲပြားပြီး ဇဝေဇဝါဖြစ်အောင် ရေးသားမှုများရှိခဲ့၍ ခေါ်ယူမေးမြန်းနေခြင်းဟု AA ဖက်က ပြောဆိုထားသော်လည်း AFP ပါတီ၏ ထုတ်ပြန်ချက်တွင် - ပါတီခေါင်းဆောင်နှစ်ဦးသည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအတွက် သစ္စာမဲ့သောလုပ်ရပ်မျိုး မလုပ်ခဲ့သည့်အပြင်၊ မြန်မာ့နိုင်ငံရေးပဋိပက္ခအား ငြိမ်းချမ်းစွာဖြင့် ကြိုးပမ်းနေသူများဖြစ်ကြောင်း ဆိုထားသည်။ 

လက်ရှိ ရခိုင့်နိုင်ငံရေးလှုပ်ရှားမှု အခန်းကဏ္ဍတွင် ဥာဏ်ရည်ပြည့်ဝသော နိုင်ငံရေးသမားများ၏ဦးဆောင်မှု အရေးတကြီးလိုအပ်၍ AA ဖမ်းဆီးထားသည့် ပါတီခေါင်းဆောင်နှစ်ဦးကို မိသားစုဝင်၊ ပါတီဝင်ထုနှင့် တွေ့ဆုံနိုင်ရေးအတွက် အမြန်ဆုံးလွှတ်ပေးရန် AFP က တောင်းဆိုထားသည်။  

ယခုကိစ္စနှင့်ပတ်သက်၍ AA ၏ တုန့်ပြန်ချက်ရရှိရန်အတွက် ရက္ခိုင့်တပ်တော်(ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။  

အလားတူ ရခိုင်ပြည်အတွင်း စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မလွတ်မြောက်သေးဘဲ ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ၊ ဖမ်းဆီးခေါ်ဆောင်ထားဆဲ ပုဂ္ဂိုလ်များကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန် AFP ပါတီက တောင်းဆိုထားသည်။ 

နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆိုခံထားရသူအများစုမှာ အိမ်ထောင်သည်များဖြစ်ကြပြီး အိမ်ထောင်ဦးစီးမရှိသဖြင့် မိသားစုဝင်များမှာ စားဝတ်နေရေး၊ သားသမီးပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ 

“ကျမကနေမကောင်းတော့ အလုပ်လည်းမလုပ်နိုင်ဘူး။ သားသမီး ၉ တန်းတစ်ယောက်နဲ့ ၁ တန်းတစ် ယောက် ကျောင်းတက်နေတာရှိတယ်။ ကျမအမျိုးသား လုပ်ကိုင်ကျွေးမွေးတာကို စားနေရတာ။ သူမရှိတော့ ပိုပြီးအခက်အခဲရှိတယ်” ဟု မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ တရားရင်ဆိုင်နေရသူ ကိုပြည့်စုံဝင်း၏ ဇနီး မလှဘုက ပြောသည်။ 

တိမ်ညိုကျေးရွာမှ ကိုပြည်စုံဝင်းအပါဝင် ကျောက်ရာဇ်ကေ ရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်နှင့် ကိုကိုညွှန့်တို့ ၃ ဦးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လူသားချင်းစာနာထောက်ထားမှုကို အခြေခံ၍ နှစ်ဖက်နားလည်မှုနှင့် အပစ်အခတ်ရပ်စဲထားသည်မှာ လက်ရှိတွင် ၁၀ လ နီးပါးကြာမြင့်လာပြီဖြစ်သည်။ ထိုကာလအတွင်း နှစ်ဖက်တပ်များကြား ဖမ်းဆီးထားသည့် သုံးပန်းများ၊ နိုင်ငံရေးအကျဉ်းသားများကို အပြန်အလှန် လွှတ်ပေးမှုများ ရှိခဲ့သည်။ 

DMG က ကောက်ယူထားသောစာရင်းအရ ရခိုင်ပြည်တွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇(၁) (၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (က) တို့ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၈ ဦးထိ ရှိနေသေးသည်။  

#I006

ဗီဒီယိုများ