ရခိုင်တွင် နိုင်ငံရေးပုဒ်မများနှင့် တရားရင်ဆိုင်နေရသူ ၁၂၀ ကျော်ခန့် ရှိနေသေး

နိုင်ငံရေးပုဒ်မများနှင့် တရားရင်ဆိုင်နေရသူများမှာ စစ်တွေ ၂၁ ဦး၊ ကျောက်တော် ၅ ဦး၊ မြောက်ဦး ၅ ဦး၊ ဘူးသီးတောင် ၅ ဦး၊ မင်းပြား ၃ ဦး၊ ကျောက်ဖြူ ၂၇ ဦး၊ သံတွဲ ၂၈ ဦး၊ အမ်း ၁၅ ဦးနှင့် တောင်ကုတ် ၁၉ ဦးတို့ ဖြစ်ကြသည်။

By Admin 22 Aug 2023

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူများကို တွေ့ရစဉ်။
၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူများကို တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၂၂

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇(၁) (၂)၊ နိုင်ငံတော်ဆူပူအောင်လှုံဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (က) တို့ဖြင့် ရခိုင်ပြည်အနှံ့က တရားရုံးအသီးသီးတွင် တရားရင်ဆိုင်နေရသူ ၁၂၈ ဦးထိ ကျန်ရှိနေသေးသည်ကို DMG က စာရင်းကောက်ယူ ရရှိထားသည်။

နိုင်ငံရေးပုဒ်မများနှင့် တရားရင်ဆိုင်နေရသူများမှာ စစ်တွေ ၂၁ ဦး၊ ကျောက်တော် ၅ ဦး၊ မြောက်ဦး ၅ ဦး၊ ဘူးသီးတောင် ၅ ဦး၊ မင်းပြား ၃ ဦး၊ ကျောက်ဖြူ ၂၇ ဦး၊ သံတွဲ ၂၈ ဦး၊ အမ်း ၁၅ ဦးနှင့် တောင်ကုတ် ၁၉ ဦးတို့ ဖြစ်ကြသည်။

“အခုဆိုရင် ကျမ အမျိုးသားကို ဖမ်းဆီးထားတာ တစ်နှစ်ကျော်သွားပြီ။ လွှတ်လည်း မလွှတ်ပေးသေးဘူး။ ရုံးချိန်းရင်လည်း တရားလိုဖက်က မရောက်ဘူး။ အခုလည်း ဒီလ ၂၉ ရက်နေ့ကို ထပ်ရုံးချိန်းထားတယ်။ အပြစ်မရှိ ဆိုရင်လည်း လွှတ်ပေးစေချင်တယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ မအေးအေးခိုင်က ပြောသည်။

မအေးအေးခိုင်၏ ခင်ပွန်းဖြစ်သူ ကိုဘလှိုင်အပါအဝင် ပုဏ္ဏားကျွန်းမြို့ခံ ၇ ဦးတို့ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မ - ၅၀၅ (က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရက္ခိုင်တပ်တော်(AA)နှင့် ဆက်စပ်သည့် သံသယဖြင့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇ (၁) ၊ (၂) တို့နှင့် တရားရင်ဆိုင်နေရသူ ၆၁ ဦးမှာ ဩဂုတ်လ ၂ ရက်နေ့က လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။

သို့သော် စစ်တွေအကျဉ်းထောင်မှ ၁၃ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၅ ဦး၊ ကျောက်တော် အချုပ်ခန်းမှ ၂ ဦး၊ မင်းပြားအချုပ်ခန်းမှ ၁ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၁၀ ဦး၊ တောင်ကုတ်အချုပ်ခန်းမှ ၁၉ ဦးနှင့် သံတွဲအကျဉ်းထောင်မှ ၂ ဦးတို့မှာ မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

အလားတူ စစ်တွေတွင် ၈ ဦး၊ ကျောက်တော်တွင် ၃ ဦး၊ မြောက်ဦး ၅ ဦး၊ ကျောက်ဖြူ ၁၇ ဦးနှင့် သံတွဲမြို့ ၂၆ ဦးတို့မှာ နိုင်ငံတော်ဆူပူအောင်လှုံဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (က)ဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

လက်ရှိ အမှုရင်ဆိုင်နေရသူများမှာ တရားလိုမရောက်ဘဲ ရုံးချိန်းများ အကြိမ်ကြိမ်ရွှေ့ဆိုင်းခံနေရသဖြင့် နစ်နာမှုရှိသည်ဟု မိသားစုဝင်များက ပြောသည်။

ဩဂုတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ဖြင့် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ကိုလှအောင်သိန်းက “ထောင်ဝင်စာလည်း တွေ့ခွင့်မရတော့ မိသားစုနဲ့လည်း မတွေ့ရဘူး။ အပြစ်မရှိဘူးဆိုရင် အကုန်လုံးကို ပြန်လွှတ်ပေးစေချင်တယ်။ အခုက ရုံးထပ်ကာ ထပ်ကာ ချိန်းနေတာကတော့ မိသားစုတွေအတွက်ရော၊ ဖမ်းဆီးခံထားရတဲ့ သူတွေအတွက်ပါ အခက်အခဲရှိပါတယ်” ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစတင်၍ လူသားချင်း စာနာထောက်ထားမှုကို အခြေခံကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား အပစ်အခတ်ရပ်စဲခဲ့သည်မှာ ယခုအခါ ၉ လကျော် ကြာမြင့်လာပြီဖြစ်သည်။ အပစ်ရပ်ထားစဉ်အတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးထားသူများကို လွှတ်ပေးသင့်ကြောင်း နိုင်ငံရေးသမားများက ပြောဆိုကြသည်။

ULA/AA ၏ စာရင်းအရ ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း ဒေသခံ ၅၉၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ၃၉၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ဩဂုတ်လအတွင်းက လွတ်ငြိမ်းခွင့်ဖြင့် ၆၁ ဦး ထပ်မံလွတ်မြောက်လာသဖြင့် လက်ရှိဖမ်းဆီးခံထားရသူ ၁၄၂ ဦး ကျန်ရှိနေသေးကြောင်း တွေ့ရသည်။

#R007

ဗီဒီယိုများ