ကြာအင်းဆိပ်ကြီး ဒါလီတံတား မိုင်းခွဲခံရမှုကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

အဆိုပါတံတားသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာကို ဆက်သွယ်ထားသည့် တံတားတစ်စင်းဖြစ်သည်။

By Admin 28 Jan 2023

ကြာအင်းဆိပ်ကြီး ဒါလီတံတား မိုင်းခွဲခံရမှုကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

မိုင်းခွဲခံရသည့် ဒါလီချောင်းကူးတံတား။ ဓာတ်ပုံ-CJ

DMG ၊ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒါလီချောင်းကူးတံတား မိုင်းခွဲခံရမှုကြောင့် တံတားချဉ်းကပ်လမ်း တခုလုံး ပျက်စီးသွားခဲ့ကာ ဒေသခံများ သွားလာရေးအခက်အခဲဖြစ်နေကြောင်း သိရသည်။

ဒါလီချောင်းကူးတံတားကို ယနေ့ နံနက်၂ နာရီဝန်းကျင်ခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တံတားချဥ်းကပ်လမ်း ပြိုကျပျက်စီးသွားခဲ့ကြောင်း ရွှေလင်းကျေးရွာသားတစ်ဦးကပြောသည်။

“ရွာဘက်ခြမ်းဆင်းတဲ့ ချဥ်းကပ်လမ်း လုံးဝပြိုကျသွားပြီ။ မနက် ၂ နာရီလောက် မိုင်းခွဲခံရပြီးတော့ ပြိုကျသွားတာ။ အခုက ဒုတိယအကြိမ် ထပ်ခွဲခံရတာဖြစ်ပါတယ်။ လမ်းကတော့ လောလောဆယ် သွားမရတော့ဘူးဖြစ်နေတယ်”ဟု ၄င်းကပြောသည်။

ယင်းတံတားမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း တစ်ကြိမ်မိုင်းခွဲခံရမှုကြောင့် အနည်းငယ်စီးခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ထပ်မံဖောက်ခွဲခံရမှုကြောင့် တံတားမှာ လုံးဝ ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံများ၏ပြောဆို ချက်အရ သိရသည်။

အဆိုပါတံတားသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာကို ဆက်သွယ်ထားသည့် တံတားတစ်စင်းဖြစ်သည်။

အဆိုပါတံတား မိုင်းခွဲခံရမှုကြောင့် လက်ရှိတွင် ဒေသခံများ ခရီးသွားလာရန်နှင့် ကုန်စည်ပို့ဆောင်ရေးမှာ လုံးဝ အဆင်မပြေတော့ကြောင်း သိရသည်။

သံပုရာရွာသားတစ်ဦးက “တံတားက လုံးဝသွားမရတော့ ရွာအနီးက အောင်ချမ်းသာ တောလမ်းဘက်ကနေ သွားနေရတယ်။ အရင်ထက် သွားရတာအဆင်မပြေဘူးပေါ့”ဟု ဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က အဆိုပါတံတားကို အသုံးပြုကာ ရှေ့တန်းစစ်စခန်းနေရာများသို့ လိုအပ်သည့် ရိက္ခာ၊ လက်နက်၊ စစ်ကူများ ပို့ဆောင်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း အဆိုပါတံတားအနီးတွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ(၆) KNLA ၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုများ ရှိခဲ့သည်။

ဒါလီချောင်းတံတား မိုင်းခွဲခံရမှုနှင့်ပက်သက်ပြီး မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကို လတ်တလောတွင် မသိရသေးပေ။ ဒါလီချောင်းတံတားသည် အရှည် ၁၈၈ ပေ၊ အကျယ် ၁၆ ပေရှိသည့် သံကူကွန်ကရစ်တံတားတစ်စင်းဖြစ်သည်။

#F004

ဗီဒီယိုများ