သန်းခေါင်စာရင်းကောက်ပြီးမှ ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ခေါင်းဆောင်ပြော 

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူပြီးမှသာ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု စက်တင်ဘာလ ၁ ရက်နေ့ စစ်ကောင်စီအစည်းအဝေးတွင် စစ်ကောင်စီ ဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

By Admin 04 Sep 2023

စက်တင်ဘာလ ၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေး။ ဓာတ်ပုံ - မြန်မာ့အလင်း
စက်တင်ဘာလ ၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေး။ ဓာတ်ပုံ - မြန်မာ့အလင်း

DMG ၊ စက်တင်ဘာ ၄

လာမည့်  ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူပြီးမှသာ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု စက်တင်ဘာလ ၁ ရက်နေ့ စစ်ကောင်စီအစည်းအဝေးတွင် စစ်ကောင်စီ ဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း မြန်မာအလင်းသတင်းစာတွင် ဖော်ပြသည်။

“မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်မှသာလျှင် မှန်ကန်သည့် မဲစာရင်းများရရှိမည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်ဖြင့် ပြုလုပ်နိုင်မည်” ဟု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောသည်။

ယင်းအပြင် ရွေးကောက်ပွဲများတွင် ကြုံတွေ့ရလေ့ရှိသည့် မဲစာရင်း မှားယွင်းမှုများနှင့် မဲမသမာမှုများ မဖြစ်ပေါ်စေရေးအတွက် ဥပဒေပြဌာန်း၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုလည်း မှာကြားခဲ့သည်ဟု သိရသည်။

နိုင်ငံတဝန်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရန် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ၏ ရှေးလုပ်ငန်းစဉ် ၅ ရပ်တွင် ဖော်ပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့တို့အကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေသဖြင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးမှ ရွေးကောက်ပွဲကျင်းပမည်မှာ အပြောသက်သက်သာဖြစ်ကြောင်း နိုင်ငံရေးသမားများက ရှုမြင်သည်။

“၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းကောက်ယူပြီးမှ ရွေးကောက်ပွဲလုပ်ဖို့ဆိုတဲ့ ပြောဆိုချက်က သန်းခေါင်စာရင်းကိုက လက်ရှိ မြန်မာနိုင်ငံအခြေအနေက အမှန်တကယ် ကောက်ယူလို့ရတဲ့ အခြေအနေမှာရှိမလား ဆိုပြီးတော့ သုံးသပ်ဖို့လိုတယ်။ တိုက်ပွဲဖြစ်နေတဲ့အတွက် ပြည်သူတွေ နေ့စဉ်နှင့်အမျှ ထွက်ပြေးနေရတယ်၊ နေအိမ်တွေ မီးရှို့ခံနေရတဲ့သတင်းတွေလည်း နေ့စဉ်ကြားနေရတယ်။ ဆိုတော့ မဲဆန္ဒရှင်ပြည်သူတွေက ရွေးကောက်ပွဲကို အမှန်တကယ် စိတ်ဝင်စားမှု ရှိ၊ မရှိ ဆိုတာကို စောင့်ကြည့်ရဦးမယ်” ဟု ရခိုင်အမျိုးသားပါတီ ဉက္ကဌ ဦးသာထွန်းလှက DMG သို့ ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရန် ပြင်နေခြင်းနှင့်ဆက်စပ်ပြီး စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခြင်းဖြစ်၍ နိုင်ငံရေးမတည်ငြိမ်မှုများ၊ တိုက်ပွဲများမှာလည်း ဆက်လက်ရှိနေမည်ဟုလည်း သုံးသပ်နေကြသည်။

တရားမျှတသောရွေးကောက်ပွဲ ကျင်းပပေးမည်ဟု စစ်ကောင်စီက မကြာခဏ ပြောဆိုနေခြင်းမှာ နိုင်ငံရေးထွက်ပေါက်အဖြစ် မက်လုံးပေးပြောဆိုနေခြင်းဟု နိုင်ငံလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်သည်။

“အခုလို နိုင်ငံရေးအကျပ်အတည်းတွေ၊ စီးပွားရေးအကျပ်အတည်းတွေ ဖြစ်နေတဲ့အချိန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောဆိုတာက စစ်ကောင်စီက ထွက်ပေါက်တစ်ခုအနေနဲ့ ပြောနေတာဖြစ်တယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေအရ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်။ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူး” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

စစ်ကောက်စီကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် တစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၆၃ ခုရှိသည့်အနက် ဩဂုတ် ၃၀ ရက်နေ့ထိ  ၃၆ ပါတီကို စစ်ကောင်စီက အတည်ပြုထားပြီး ပါတီဝင်အင်အား စုဆောင်းခြင်း၊ ပါတီရုံးဖွင့်လှစ်ခြင်းများကို ခွင့်ပြုထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု အကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် NLD အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူထားသည်မှာ အချိန် ၂ နှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်ကာ ပြည်သူများမှာ အကြပ်အတည်းဒုက္ခမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းနေကြရသည်။ 

#R007

ဗီဒီယိုများ