စစ်တွေမြို့တွင် ပထမဆုံးအကြိမ် မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကျင်းပ

လာမည့် ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းတွင် ယနေ့ နံနက်ပိုင်းက မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ကျင်းပခဲ့သည်။

By Admin 25 Nov 2022

စစ်တွေမြို့တွင် ပထမဆုံးအကြိမ် မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကျင်းပ

DMG ၊ နိုဝင်ဘာ ၂၅

လာမည့် ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းတွင် ယနေ့ နံနက်ပိုင်းက မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် တာတိုအပြေးပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲတို့ပါဝင်ပြီး စစ်တွေမြို့နယ်အတွင်းမှ မသန်စွမ်း အမျိုးသား၊ အမျိုးသမီး ၃၀ ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများအားကစားပြိုင်ပွဲကို ရခိုင်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

“အရင်နှစ်တွေတုန်းကတော့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အထိမ်းအမှတ်နေ့အဖြစ် ဒီဇင်ဘာလ(၃)ရက်နေ့ရောက်တိုင်း စစ်တွေမြို့၊ ဦးဥတ္တမခန်းမမှာ ပန်းချီပြိုင်ပွဲတွေ၊ စစ်တုရင်ပြိုင်ပွဲတွေ လုပ်ပေးခဲ့တာရှိပါတယ်။ အားကစားပြိုင်ပွဲကတော့ အခုအကြိမ်က ပထမဦးဆုံးပါပဲ”ဟု ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌ ဦးလှမြင့်ကပြောသည်။

ရခိုင်တွင် မသန်စွမ်းသူဦးရေ ၅၀၅၅၀၃(ငါးသိန်းငါးထောင်ငါးရာ)ကျော်ရှိကြောင်း ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ သိရသည်။

လက်ရှိရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေပြီး လက်နက်ကြီးကျည်ထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သားများ သေဆုံးခြင်းနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူများ တိုးလာနေသည်။

DMG မှ ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် စက်တင်ဘာလအတွင်း သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးရှိခဲ့သည်။ အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ဦးအထိ ရှိခဲ့သည်။

ရခိုင်တွင် ယခုနိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း အရပ်သား ထိခိုက်သေဆုံးသူဦးရေ ၇၀ ကျော်အထိ ရှိခဲ့သည်။

ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများ၏ ၇၀ ရာခိုင်နှုန်းမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးကာ မသန်စွမ်းဖြစ်ခဲ့ရကြောင်း လူမှုအဖွဲ့အစည်းများ၏ အချက်အလက်အရ သိရသည်။

“စစ်ပွဲတွေက ဆက်ပြီးဖြစ်နေမယ်ဆိုရင် ရခိုင်မှာ မသန်စွမ်းသူဦးရေက တိုးလာဖို့ပဲရှိတယ်။ ဒီလို တိုးလာတဲ့နှုန်းထားအတိုင်း အစိုးရအနေနဲ့ မသန်းစွမ်းသူတွေ ကြည့်ဖို့လိုအပ်တယ်ပေါ့။ သူတို့အတွက် လိုအပ်တာတွေ၊ ရေရှည်ဘဝရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခုပဲဖြစ်ဖြစ် လုပ်ပေးသင့်တယ်”ဟု ရွှေမင်းသားဖောင်ဒေးရှင်းမှ ရခိုင်ပြည်တာဝန်ခံ မထွေးမေကပြောသည်။

ဗီဒီယိုများ