အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးရန် မသန်စွမ်းသူများ တောင်းဆို

မသန်စွမ်းများအတွက် ဥပဒေအရကာကွယ်ပေးရန်နှင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ကာ အလုပ်အကိုင်အခွင့်လမ်းပိုမိုဖန်တီးပေးရန် မသန်စွမ်းသူများနှင့် လူမှုအဖွဲ့အစည်းများက ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းများနေ့တွင် တောင်းဆိုလိုက်သည်။

By Admin 03 Dec 2022

အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးရန် မသန်စွမ်းသူများ တောင်းဆို

နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သည့် မသန်စွမ်းသူများအားကစားပြိုင်ပွဲအားတွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၃

မသန်စွမ်းများအတွက် ဥပဒေအရကာကွယ်ပေးရန်နှင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ကာ အလုပ်အကိုင်အခွင့်လမ်းပိုမိုဖန်တီးပေးရန် မသန်စွမ်းသူများနှင့် လူမှုအဖွဲ့အစည်းများက ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းများနေ့တွင် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများမှာ ဥပဒေတွင်ပါရှိသည့် အခွင့်အရေးများနှင့်ပတ်သက်၍ ဆုံးရှုံးနေကြရပြီး အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှုအပိုင်းမှာ ယနေ့ထိ အားနည်းနေဆဲဖြစ်သည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုနေကြသည်။

တကျော့ပြန် စစ်ရေးပဋိပက္ခတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိနေသဖြင့် လက်ရှိ ကာလမှာ သာမန်လူများထက် မသန်စွမ်းများမှာ အလုပ်အကိုင်ရရှိရေးအပိုင်းတွင် ပိုမိုအခက်အခဲကြုံတွေ့နေရသည်ဟု ရခိုင်ပြည် မသန်စွမ်းသူများအသင်းမှ ဥက္ကဌ ဦးလှမြင့်က ပြောသည်။

“သာမန်လူတွေက အဆင်ပြေတဲ့အလုပ်ကို ကောက်လုပ်လို့ရတယ်။ မသန်စွမ်းသူတွေက အဲဒီလိုမရဘူး။ သူတို့(မသန်စွမ်းသူများ)ကို အလုပ်နေရာတွေမှာ ဦးစားပေးဆောင်ရွက်သင့်တယ်။ အလုပ်အကိုင်ဆိုတဲ့အထဲမှာ သင့်တင့်တဲ့ အသက်မွေးဝမ်းကြောင်းတွေပေါ့နော်။ တချို့ဆိုရင် အတတ်ပညာတွေပေါ့နော်။ သူတို့မှာ တဖက်က မသန်စွမ်းပေမယ့် နောက်တစ်ဖက်မှာ သန်စွမ်းနေတာတွေရှိတယ်။ စွမ်းဆောင်နိုင်တဲ့ဘက်ကနေ သက်ဆိုင်သူတွေအနေနဲ့လည်း ဒါတွေကို အလေးပေး ဆောင်ရွက်သင့်ပါတယ် ” ဟု ဦးလှမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ ဥပဒေတစ်ရပ်ကို ပြဌာန်းထားသော်လည်း ထိရောက်သည့် လုပ်ဆောင်ချက်များအား ဆောင်ရွက်ပေးခြင်း တစ်စုံတရာမတွေ့ရသေးကြောင်း လူမှုအဖွဲ့အစည်းများက ပြောဆိုထားကြသည်။

ရခိုင်လူမှုပတ်ဝန်းကျင်မှာ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းမရှိသလောက် နည်းပါးနေပြီး မသန်စွမ်းသူများမှာ မျက်ကွယ်ပြုခံနေရသည်ဟု ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

“မသန်စွမ်းသူတွေကို မျက်ကွယ်ပြုထားတာမျိုးမဟုတ်ပဲ သူတို့ကို သာမန်လူတွေနဲ့ တသားတည်းဖြစ်အောင် စွမ်းဆောင်ပေးသင့်တယ်။ စွမ်းဆောင်နိုင်တဲ့ အချက်အလက်တွေကို ကြည့်ပြီး အလုပ်အကိုင်တွေ ဖန်တီးပေးဖို့လိုအပ်တယ်။ ဒီလောက် စားဝတ်နေရေးခက်ခဲနေတဲ့ ကာလမှာ တနည်းနည်းနဲ့ ဖေးမပြီးတော့ ဆောင်ရွက်ပေးသင့်ပါတယ်လို့ပြောချင်ပါတယ်” ဟု ဒေါ်ညိုအေးက ပြောသည်။

ယင်းအပြင် မသန်စွမ်းအမျိုးသမီးများမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုမရှိသလို အိမ်တွင်း အကြမ်းဖက်မှုများကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။

မင်းပြားမြို့နယ်က ခြေထောက်မသန်စွမ်းသူ အမျိုးသမီးတစ်ဦးက “ကျမတို့ မသန်စွမ်းသူတွေဟာ ခွဲခြားဆက်ဆံခံရတာတွေအများကြီးရှိတယ်။ တစ်ဘက်မှာလည်း အကြမ်းဖက်ခံရတာတွေရှိတယ်ပေါ့နော်။ နားမကြားဘူးဆိုရင် နားမကြားတဲ့သူတွေကို မဖွယ်မရာတွေလုပ်ကြတယ်။ ပြန်လည်တုန့်ပြန်လို့မရတဲ့ သူတွေဆိုရင်လည်း အဓမ္မပြုကျင့်ခံရတွေရှိတယ်။ အလုပ်ခွင်မှာဆို အလုပ်တစ်ခုကို အတူတူလုပ်ကြတယ် ။ ဒါပေမဲ့ မသန်စွမ်းသူထက် သန်စွမ်းသူတွေ ပိုက်ဆံပိုရတာတွေ ရှိပါတယ်” ဟုပြောသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာဥပဒေအရ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ပြည်သူ့ရေးရာနှင့် အခြားနယ်ပယ်အသီးသီးတွင် အခြားသူများနည်းတူ အသိအမှတ်ပြုရေးနှင့် သာတူညီမျှရရှိရန်၊ အသက်မွေးဝမ်းကျောင်းနှင့် အခြားလုပ်ငန်းစဉ်များအား လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် နေထိုင်ရာပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းတွင်ပါဝင်ခွင့်ရရှိရန် စသည့် အခွင့်အရေးများရှိသော်လည်း လက်ရှိတွင် အဆိုပါ ဥပဒေပါရပိုင်ခွင့်များမှာ ဆုံးရှုံးနေရဆဲဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် မသန်စွမ်းသူဦးရေ ၅၀၅၅၀၀ (ငါးသိန်းငါးထောင်ငါးရာ) ကျော်ရှိကြောင်း ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှု၊ မိုင်းထိမှန်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှုမြင့်တက်လာနေကာ ကိုယ်လက်အင်္ဂါဆုံးရှုံးသူဦးရေမှာလည်း တိုးလာနေလျက်ရှိနေသည်။

ဗီဒီယိုများ