ရခိုင်တွင် ရင့်မှည့်စပါးခင်းအမြောက်အများ ပိုးကျ၍ ပျက်စီးမှုရှိနေ

ရခိုင်ပြည်အတွင်းက ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့နယ်တို့တွင် ရင့်မှည့်ပြီး စပါးခင်းများ၌ စပါးဖျက်ပိုးများ ကျရောက်သဖြင့် စပါးပင်များ ပျက်စီးမှုများရှိနေကြောင်း လယ်သမားများကပြောသည်။

By Admin 25 Oct 2023

ကျောက်တော်မြို့နယ်၊ သဝင်ကိုင်းကျေးရွာတွင် ပိုးကျ၍ ပျက်စီးသွားသည့် စပါးပင်များကို အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ကျောက်တော်မြို့နယ်၊ သဝင်ကိုင်းကျေးရွာတွင် ပိုးကျ၍ ပျက်စီးသွားသည့် စပါးပင်များကို အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်အတွင်းက ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့နယ်တို့တွင် ရင့်မှည့်ပြီး စပါးခင်းများ၌ စပါးဖျက်ပိုးများ ကျရောက်သဖြင့် စပါးပင်များ ပျက်စီးမှုများရှိနေကြောင်း လယ်သမားများကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလမှ စတင်ကာ စပါးခင်းများပိုးကျ၍ ပျက်စီးမှုများလာရှိလာခြင်းဖြစ်ပြီး ပိုးကျသည့်စပါးပင်များမှာ လုံးဝပျက်စီးသွားသည်ဟု လယ်သမားများကပြောသည်။

ကျောက်တော်မြို့နယ်ရှိ ကျောက်တန်း၊ သဝင်ကိုင်း၊ ရွှေလှိုင်၊ သာဒါဆိပ်၊ ဗျာလာ စသည့်ကျေးရွာတို့တွင် စပါးခင်းများ ပိုးကျ၍ ပျက်စီးမှုများ ဖြစ်ပေါ်နေသည်။ လက်ရှိတွင် ကျန်ရှိနေသည့် စပါးပင်များ မပျက်စီးရအောင် ပိုးသတ်ဆေးဖြန်းနေရသည်ဟု ကျောက်တော်မြို့နယ်၊ သဝင်ကိုင်းကျေးရွာမှ ဦးသောင်းကြည်က ပြောသည်။

“စပါးပင်အဆစ်တွေကို ကိုက်စားတယ်။ အဲတော့ အလယ်ကအရွက်တွေက ခြောက်ပြီး အပင်ကသေသွားတယ်။ အဲဒီစပါးပင်ကို ပြန်ပြီးပြုပြင်လို့ မရတော့ဘူး။ ပိုးတွေက အရမ်းများတယ်။ ပိုးကျတာ စပါးခင်းတွေ ကြည့်မရအောင်ထိ ဖြစ်သွားတယ်” ဟု ၎င်းကပြောသည်။

စပါးဖျက်ပိုးကျခြင်းကြောင့် စိုက်ပျိုးထားသည့် စပါးခင်းဧကများထဲမှ လယ်တစ်ဧကလျှင် ထက်ဝက်ခန့် ပျက်စီးနေရသည်ဟု လယ်သမားများက ပြောဆိုကြသည်။

ရခိုင်တွင် ယခုနှစ်၊ ဩဂုတ်လအစပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပေါ်၍ စပါးခင်းများကို ရေလွှမ်းမိုး သွားခဲ့ရသည်။ ရေလွှမ်းမိုးရာမှ ကျန်ခဲ့သည့် စပါးပင်များမှာ လက်ရှိတွင် စပါးဖျက်ပိုးများ ကျရောက်နေခြင်းဖြစ်သည်။

မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ဦးမောင်နှောင်းက “ပိုးကျတော့ စပါးတွေပျက်စီးတယ်။ ရေသွင်းပေးရတယ်။ ရေမရှိတာနဲ့ ပိုးတွေကျပြီး စပါးပင်တွေက သေသွားတယ်။ ဒီနှစ်တော့ လယ်သမားတွေအတွက် သိပ်အခက်အခဲပဲ။ ရေတက်ခဲ့တော့ စပါးပင်တွေပါသွားတယ်။ အခုလည်း ပိုးတွေကျပြီး အပင်တွေသေသွားတယ်” ဟု ပြောသည်။

စပါးခင်းများတွင် ပိုးကျမှုများလာနေသဖြင့် စပါးခင်းများကို ပိုးသတ်ဆေးအများအပြားဖြန်းနေရကြောင်း လယ်သမားများထံမှ သိရသည်။ သို့သော် ပိုးသတ်ဆေးသုံးနိုင်သည့် လယ်သမားများမှာ စပါးပျက်စီးမှုနည်းသော်လည်း ပိုးသတ်ဆေး မသုံးနိုင်သူများမှာ စပါးခင်းများပျက်စီးမှုများ ဖြစ်နေရသည်ဟု ပေါက်တောမြို့နယ်၊ င/ပြီတက်ကျေးရွာမှ ဦးကျော်ဝင်းက ပြောသည်။

“ပိုးသတ်ဆေးဖြန်းနိုင်တဲ့ သူတွေကျ နည်းနည်းသက်သာတယ်။ မဖြန်းနိုင်တဲ့သူတွေတော့ စပါးတွေက ပျက်တာပေါ့။ ဆားငံ့ရေတွေဝင်လို့ စပါးတချို့ ပျက်စီးတယ်။ မပျက်စီးတဲ့စပါးတွေကို ဆားငံ့ရေတွေ ထိသွားတာကြောင့် ပိုးကျတယ်။ ပိုးသတ်ဆေးကလည်း မနည်းသုံးရတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်က လယ်ကွင်းများတွင် ဆားငံ့ရေ ဝင်ရောက်မှုကြောင့် စပါးခင်းများပျက်စီးသွားကာ သိုလှောင်ထားသည့် မျိုးစပါးများမှာလည်း ပျက်စီးသွားခဲ့ရသည်။

စစ်တွေမြို့နယ် ကျေးတောကျေးရွာတွင်လည်း မုန်တိုင်းကြောင့် ဆားငံ့ရေများဝင်ရောက်ကာ စပါးခင်းများပျက်စီးသွားခဲ့ပြီး ကျန်ခဲ့သည့်စပါးအချို့မှာလည်း လက်ရှိတွင်ပိုးကျ၍ ပျက်စီးမှုများဖြစ်နေသည်ဟု လယ်သမား ဦးမောင်မြသိန်းက ပြောသည်။

“မုန်တိုင်းကြောင့် စပါးခင်းတွေအကုန်လုံး ပျက်စီးသွားတယ်။ ကျန်ခဲ့တဲ့စပါးတွေက အခု ပိုအရမ်းကျတာကြောင့် ဓာတ်မြေဩဇာ များများသုံးပေးနေရတယ်” ဟု ၎င်းကပြောသည်။

ရခိုင်တွင် ယခင်နှစ်များက စပါးဖျက်ပိုးများကျရောက်မှု မရှိခဲ့သော်လည်း ယခုနှစ်တွင် ပိုးကျ၍ စပါးခင်းများ ပျက်စီးမှုရှိနေသည်မှာ ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်နိုင်သည်ဟု လယ်သမားများက ခန့်မှန်းကြသည်။

ယခုနှစ်တွင် တောင်သူလယ်သမားများမှာ မုန်တိုင်းဒဏ်၊ ရေကြီးမှုဒဏ်အပါအဝင် စပါးခင်းများ ပိုးကျ၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်နေရသည်။ ထို့ကြောင့် စပါးအထွက်နှုန်းကျဆင်းလာနိုင်၍ လယ်သမားများမှာ တွက်ခြေမကိုက်ဖြစ်လာနိုင်သည်ဟု ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းမှ လယ်သမား ဦးထွန်းလှိုင်က ပြောသည်။

“လယ်ယာလုပ်ငန်းတွေက ကျနော်တို့ဘက်မှာ ဒီရေဝင်သွားတော့ စပါးတွေက ဆားငံအခိုးနဲ့ အားလုံးအနာဖြစ်သွားတယ်။ မြေဆီ သုံးနိုင်တဲ့သူတွေက သက်သာတယ်။ မသုံးနိုင်တဲ့သူတွေက စပါးတွေအားလုံး အနာလိုက်ပြီး ထွက်နှုန်းတွေ လျော့ဆင်းသွားမယ့်အခြေအနေရှိတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း မျိုးစပါးတင်းပေါင်း ၇၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် လယ်ယာသုံး ကျွဲ၊နွားများလည်း သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရခိုင်ရှိ မြို့နယ် ၇ ခုတွင် စိုက်ပျိုးမြေလယ်ဧက ၇ သောင်းကျော် ပျက်စီးသွားခဲ့ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ