ရခိုင်တွင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများအတွက် အခမဲ့ အင်တာနက် ၃ နှစ်စာ တပ်ဆင်ပေးနေ

ရခိုင်ပြည်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် အသုံးပြုနိုင်ရန် အခမဲ့ အင်တာနက် ၃ နှစ်စာကို MPT, Ooredoo, Mytel နှင့် Atom ဆက်သွယ်ရေးအော်ပရေတာ တို့က တပ်ဆင်ပေးနေကြောင်း သိရသည်။

By Admin 04 Jul 2023

ရခိုင်တွင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများအတွက် အခမဲ့ အင်တာနက် ၃ နှစ်စာ တပ်ဆင်ပေးနေ

DMG ၊ ဇူလိုင် ၄

ရခိုင်ပြည်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် အသုံးပြုနိုင်ရန် အခမဲ့ အင်တာနက် ၃ နှစ်စာကို MPT, Ooredoo, Mytel နှင့် Atom ဆက်သွယ်ရေးအော်ပရေတာ တို့က တပ်ဆင်ပေးနေကြောင်း သိရသည်။

အင်တာနက်အခမဲ့သုံးစွဲနိုင်ရန် စစ်တွေမြို့ရှိ ဆေးရုံများ၊ တက္ကသိုလ်နှင့်ကျောင်းများတွင် တပ်ဆင်ပေးနေကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက စစ်ကောင်စီဩဇာခံ MRTV တွင် ဖြေကြားထားသည်။

“အော်ပရေတာတွေအနေနဲ့ သူတို့ရဲ့သုံးစွဲသူတွေဟာ ရခိုင်ပြည်နယ်မှာရှိတဲ့အတွက် ပြန်ပြီးတော့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့၊ တာဝန်သိ ကုမ္ပဏီအဖွဲ့အစည်းတစ်ခုအနေနဲ့ ရခိုင်မှာ ဆေးရုံတွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေမှာလည်း အင်တာနက်ကို အခမဲ့တပ်ဆင်ပေးတာတွေရှိတယ်” ဟု ဦးမျိုးဆွေက ပြောသည်။

MPT က စစ်တွေ ကွန်ပျူတာတက္ကသိုလ်နှင့် ပြည်သူဆေးရုံကြီးတွင် အင်တာနက်အမြန်နှုန်း 50 Mbps ရှိသည့် ဖိုင်ဘာအင်တာနက်ကို တပ်ဆင်ပေးသွားမည်ဖြစ်ပြီး၊ Ooredoo က စစ်တွေ နည်းပညာတက္ကသိုလ်နှင့် တိုင်းရင်းဆေးရုံကြီးတွင် အင်တာနက် 20 Mbps ကို မိုက်ခရိုဝေ့စနစ်ဖြင့် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Mytel က စစ်တွေဆေးရုံကြီး၊ စစ်တွေတက္ကသိုလ်၊ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာတို့တွင် ဖိုင်ဘာအင်တာနက်များ တပ်ဆင်သွားမည်ဖြစ်ပြီး Atom က စစ်တွေမြို့ရှိ သူနာပြုသင်တန်းကျောင်းနှင့် စက်မှုအထက်တန်းကျောင်းတို့တွင် ဝိုင်ဖိုင်အင်တာနက်ကို အခမဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ စစ်တွေဆေးရုံကြီးတွင် အခမဲ့အင်တာနက်ကို တပ်ဆင်အသုံးပြုနေပြီဟု ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်က ပြောသည်။

“အခုလို ဆေးရုံအတွက် အင်တာနက်တွေ အခမဲ့ တပ်ဆင်ပေးတော့ စာရင်းဇယားတွေ လုပ်ကိုင်ရတာတွေ၊ စာရင်းတွေကို အချိန်နဲ့တပြေးညီ ပို့ရတာတွေမှာ တော်တော်လေးကို အဆင်ပြေသွားတယ်။ အရင်ကဆိုရင် အင်တာနက်ခကို ကျန်းမာရေးဌာနက အသုံးစရိတ်နဲ့ ကျခံရတာကြောင့် ချွေတာပြီးသုံးစွဲရတယ်” ဟု ဒေါက်တာကြည်လွင်က ပြောသည်။

တက္ကသိုလ်များတွင်လည်း အင်တာနက် အခမဲ့ သုံးစွဲခွင့်ကြောင့် ကျောင်းသားများအတွက် Online မှတစ်ဆင့် ပညာသင်ယူရာတွင် အထောက်အကူဖြစ်လာနိုင်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဦးသန်းနိုင်က ပြောသည်။

“တက္ကသိုလ်ကျောင်းသားတွေအတွက်ဆိုရင် အင်တာနက်က အရမ်းကို အရေးကြီးလာတယ်။ ကျနော်တို့ ကွန်ပျူတာတက္ကသိုလ်က သင်ရိုးတွေဆိုရင်လည်း အောက်စဖို့ဒ်က သင်ရိုးတွေဖြစ်ပြီး ဆရာမတွေက မှတ်စုထုတ်ပြီး သင်ကြားရတာဆိုတော့ တချို့ချန်လပ်ခဲ့တဲ့ သင်ခန်းစာတွေဆိုရင် နိုင်ငံတကာက Online သင်တန်းတွေ၊ Website ၊ YouTube တွေဆီက လေ့လာရတဲ့အခါ ပိုပြီးအဆင်ပြေစေမှာပါ” ဟု သူကပြောသည်။

ရခိုင်ပြည်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ဆက်သွယ်ရေးစခန်း ၉၀၄ ခုအနက် ဆက်သွယ်ရေးစခန်း ၉၀၀ ခုမှာ လည်ပတ်နေပြီဖြစ်ကာ ပြန်လည်တည်ဆောက်ရန် ၄ ခုသာ ကျန်ရှိတော့ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၂ ရက်နေ့တွင် ပြောဆိုထားသည်။

ရခိုင်ပြည်တွင် အော်ပရေတာ ၄ ခု၏ မိုဘိုင်စခန်း ၁,၂၃၃ ခုရှိသည့်အနက် လက်ရှိတွင် မိုဘိုင်စခန်း ၁,၂၂၉ ခုမှာ ပြန်လည်,လည်ပတ်နိုင်ပြီဖြစ်ကာ ဇူလိုင်လ ၂ ရက်နေ့အထိ ၉၉ ဒသမ ၆၈ ရာခိုင်နှုန်းခန့် လည်ပတ်နိုင်ပြီဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

#I006

ပုံစာ - မုန်တိုင်းအလွန်ကာလ စစ်တွေမြို့တွင် MPT က ရွေ့လျားမိုဘိုင်းစခန်းများ ထားရှိဆောင်ရွက်နေစဉ်။ ဓာတ်ပုံ - MPT

ဗီဒီယိုများ