မုန်တိုင်းသင့် ကြိမ်ခွေမော်(ပိုက်ဆိပ်)ရွာတွင် သောက်သုံးရေအခက်အခဲ ဖြစ်နေဆဲ 

ရေကန်မှရေများကို စက်ဖြင့် နှစ်ကြိမ်တိုင် စုပ်ထုတ်ခဲ့သော်လည်း ဆားငန်နေဆဲဖြစ်၍ သုံးစွဲရန် လုံးဝအဆင်မပြေကြောင်း ရွာသားများက ပြောကြသည်။ 

By Admin 30 Sep 2023

ပိုက်ဆိပ်ကျေးရွာရှိ ဆားငန်ရေဝင်ရောက်နေသော သောက်သုံးရေကန်။ ဓာတ်ပုံ - ပေးပို့
ပိုက်ဆိပ်ကျေးရွာရှိ ဆားငန်ရေဝင်ရောက်နေသော သောက်သုံးရေကန်။ ဓာတ်ပုံ - ပေးပို့

DMG ၊ စက်တင်ဘာ ၃၀

မုန်တိုင်းတိုက်ခတ်စဉ်က ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာအုပ်စု၊ ပိုက်ဆိပ်ကျေးရွာရှိ သောက်သုံးရေကန်များတွင် ဆားငန်ရေဝင်သွားပြီး လက်ရှိအချိန်ထိ အသုံးပြု၍မရသေးသဖြင့် အခက်ကြုံနေရကြောင်း ကျေးရွာသားများက ပြောသည်။ 

ရေကန်မှရေများကို စက်ဖြင့် နှစ်ကြိမ်တိုင် စုပ်ထုတ်ခဲ့သော်လည်း ဆားငန်နေဆဲဖြစ်၍ သုံးစွဲရန် လုံးဝအဆင်မပြေကြောင်း ရွာသားများက ပြောကြသည်။ 

“ရေကို လျှော်ဖွတ်လို့တောင် မရဘူး။ အဲဒီရေကိုချိုးတဲ့  အိမ်ခြေ ၄၀ လောက်က လူတွေမှာ ခန္ဓာကိုယ်မှာ ယားယံတာတွေ ကြတယ်။ ကန်ထဲမှာ ရေပြည့်နေပေမယ့်လည်း  ကန်နှစ်ကန်လုံး လုံးဝသုံးလို့မရဘူး” ဟု ပိုက်ဆိပ်ကျေးရွာမှ မအေးလှိုင်က ပြောသည်။ 

လက်ရှိတွင် မိုးရာသီဖြစ်၍ အိမ်တိုင်း၌ တာပေါ်လင်စဖြင့် ကန်သဖွယ်ပြုလုပ်ကာ မိုး‌ရေကို အသုံးပြုနေကြပြီး မိုးရွာသွန်းမှုနည်းလျှင် အဆင်မပြေကြပေ။ ရေအခက်အခဲဖြစ်နေသည်မှာ ငါးလနီးပါးကြာမြင့်လာပြီဖြစ်ကာ ကျေးရွာနှင့် တစ်မိုင်ကျော်ဝေးသည့် ကြိမ်ခွေမော်ကျေးရွာမှ ရေကို ခပ်ယူသုံးစွဲနေရသည်။ 

“မြစ်ရေအတက်ကျကိုကြည့်ပြီး တစ်မိုင်လောက်ဝေးတဲ့ ကြိမ်ခွေမော်ရွာသို့ ရေကြောင်းခရီးသွားရတယ်။ ကုန်လမ်းလည်း သေသေချာချာရှိတာ မဟုတ်ဘူး။ လယ်ကွင်းတွေကနေ သွားရတယ်” ဟု ပိုက်ဆိပ်ရွာမှ ဒေါ်ဌေးဌေးလှိုင်က ဆိုသည်။

ပိုက်ဆိပ်ရွာတွင် အိမ်ခြေ ၈၀ ကျော်၊ လူဦးရေ ၄၀၀ ခန့်ရှိသည်။  သောက်သုံးရေအခက်အခဲဖြစ်နေမှုနှင့် ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများထံ  တင်ပြထားသော်လည်း မထူးခြားသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ 

“သောက်သုံးရေ အခက်အခဲကိစ္စနဲ့ပတ်သက်ပြီးတော့ ပေါက်တောမြို့နယ် ကျေးလက်ရုံး၊ ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စီမံကိန်းရုံး၊ ကြိမ်ခွေမော်ရေကော်မတီအဖွဲ့တွေမှာ တင်ပြထားတယ် အခုလက်ရှိတော့  အကြောင်းမကြားသေးဘူး” ဟု ပိုက်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂေါက်ရအောင်က ဆိုသည်။

ကြိမ်ခွေမော်ကျေးရွာကနေ ပိုက်ဆိပ်ရွာသို့ ပိုက်သွယ်တန်းကာ ယာယီရေကန်တစ်ခုလုပ်ပြီး အသုံးပြုရန် ကြိမ်ခွေမော်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် သဘောတူထားသော်လည်း ငွေကြေးမတတ်နိုင်သဖြင့် အခက်အခဲရှိနေကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး တာဝန်ရှိသူထံ  DMG က ဆက်သွယ်မေးမြန်းရာတွင် “လက်ရှိမှာ ငွေကြေးအခက်အခဲကြောင့် မဖြေရှင်းနိုင်သေးဘူး။ နောက်နှစ် ဘတ်ဂျတ်ကျမှတော့ လုပ်နိုင်မယ်” ဟု ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည် မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် ရေတွင်း၊ ရေကန် ၃၆၅ ကန် ပျက်စီးမူ ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) ထုတ်ပြန်ချက်တွင် တွေ့ရသည်။

#I013

ဗီဒီယိုများ