အမြန်ရေယာဉ်များတွင် နီးကပ်စွာထိုင်စီးရသည့်အတွက် ကပ်ရောဂါကူးစက်မည်ကို ခရီးသည်များစိုးရိမ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် မြို့နယ်အသီးသီးကို နေ့စဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များပေါ်ရှိ ထိုင်ခုံများတွင် ခရီးသည်တစ်ဦးနှင့်တစ်ဦး နီးကပ်စွာထိုင်ရသည့်အတွက် ကိုဗစ် - ၁၉ ရောဂါကူးစက်မည်ကို ခရီးသည်များ စိုးရိမ်နေကြသည်။

By မင်းထွန်း 20 Jun 2020

မင်းထွန်း | DMG
ဇွန် ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် မြို့နယ်အသီးသီးကို နေ့စဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များပေါ်ရှိ ထိုင်ခုံများတွင် ခရီးသည်တစ်ဦးနှင့်တစ်ဦး နီးကပ်စွာထိုင်ရသည့်အတွက် ကိုဗစ် - ၁၉ ရောဂါကူးစက်မည်ကို ခရီးသည်များ စိုးရိမ်နေကြသည်။

စစ်တွေမြို့နှင့် မင်းပြား၊ မြောက်ဦး၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ဘူးသီးတောင် စသည့်မြို့နယ်များသို့ နေ့စဉ် ပြေးဆွဲနေကြသည့် ရွှေပြည်တန်၊ မလိခအမြန်ရေယာဉ်တို့တွင် ခရီးသည်များ သုံးပေအကွာထိုင်၍ စီးနင်းလိုက်ပါရန်အတွက် အမြန်ယာဉ်လက်မှတ်များကို အကန့်အသတ်ဖြင့်ရောင်းချရန် ပြည်နယ်အစိုးရက ညွှန်ကြားထားသည်။

ယခင်က ညွှန်ကြားချက်တိုင်း ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်၌ အဆိုပါ ညွှန်ကြားချက်တိုင်းမဟုတ်ဘဲ လက်မှတ်အပြည့်ရောင်းချသဖြင့် ခရီးသည်များမှာ နီးကပ်စွာထိုင်ပြီး ခရီးသွားနေကြရ၍ စိုးရိမ်စိတ်များဖြစ်ပေါ် နေကြသည်။

“ခုံတွေမှာ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်ထိုင်ရတယ်ဆိုတော့ စိုးရိမ်စိတ်ရှိတာပေါ့။ ခုံခြားလို့မှ မဟုတ်တာ။ သင်္ဘောတွေစီးရင် အစိုးရရဲ့ထုတ်ပြန်ချက်နဲ့အညီ လုပ်စေချင်တယ်” ဟု မင်းပြားမြို့မှ ခရီးသည်တစ်ဦးဖြစ်သူ ဦးအေးထွန်းလှက ဆိုသည်။

သို့သော်လည်း ရွှေပြည်တန်အမြန်ရေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းမည့် ခရီးသည်များကို နှာခေါင်းစည်းတပ်ရန်၊ စနစ်တကျလက်ဆေးရန်နှင့် အပူချိန်တိုင်းပြီးမှ အမြန်ရေယာဉ်ပေါ်တွင် လိုက်စီးရမည့်အကြောင်းကို လော်စပီကာဖြင့် နှိုးဆော်ပေးနေမှုသည်ကို တွေ့ရသည်။

ထိုသို့ ခရီးသည်များ စိုးရိမ်မှုမရှိစေရန်နှင့် COVID-19 ရောဂါကာကွယ်ရန်အတွက် လာမည့် ဇူလိုင်လအတွင်းတွင်သာ ယခင်ကဲ့သို့ သုံးခုံတန်းထိုင်ခုံများတွင် ခရီးသည်နှစ်ဦးကိုသာ တင်သွားမည်ဖြစ်ကြောင်း ရွှေပြည်တန် အမြန်ယာဉ် ဒု-မန်နေဂျာ ကိုအောင်သန်းဦးက ပြောသည်။

“အရင်တုန်းက ကျနော်တို့ သုံးခုံတန်းဆိုတော့ ကြားထဲမှာ တစ်ခုံချန်ထားတယ်။ အခုဆိုရင် ပြန်ပြီးတော့ ကြားတွေမှာပါ အပြည့်တင်တာပေါ့။ နောက်ပိုင်းကျနော်တို့ အဲဒီစနစ်ကို ပြန်သုံးမှာပါ။ ကြားထဲမှာ ခုံချန်ထား တာမျိုး၊ ခရီးသည်မပါဘဲနဲ့ အကွာအဝေး ချန်ထားတာမျိုးပေါ့” ဟု ၎င်းကရှင်းပြသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်၊ သံတွဲမြို့နယ်များတွင် ဇွန်လ ၁၈ ရက်နေ့ အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၉ ဦးအထိ ရှိလာနေပြီဖြစ်သည်။

စစ်တွေမြို့ အမြန်ရေယာဉ်ဆိပ်၊ သင်္ဘောဆိပ်တို့တွင် သုံးဘီးယာဉ်မောင်းနှင်နေသူ ကိုမောင်လှိုင်ဆန်းက “ဘူးသီးတောင်၊ မောင်တောဘက်က ခရီးသည်တွေမှာ အိတ်တွေပါကြတော့ အဲဒီအိတ်တွေကိုတောင် ကျနော်တို့ မကိုင်ရဲဘူး။ အဲလောက်ထိတောင် စိုးရိမ်မိတယ်” ဟု ဆိုသည်။

ထို့ကြောင့် လူသွားလူလာများသည့် သင်္ဘောဆိပ်ကမ်းများနှင့် ဈေးဆိပ်ကမ်း စသည့်နေရာမျိုးများတွင် သက်ဆိုင်ရာ ကျန်းမာရေးဌာနများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တင်းကျပ်စွာလုပ်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးတွေ့ရှိသူ (၂၈၆) ဦးနှင့် သေဆုံးသူ (၆) ဦးအထိ ရှိလာနေကြောင်းသိရသည်။

ဗီဒီယိုများ