ဖမ်းဆီးခံထားရသော အပြစ်မဲ့ ရခိုင်ပြည်သူများလွတ်မြောက်ရေး မြန်မာစစ်တပ်နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း AA ပြော

မြန်မာစစ်တပ်နှင့် AA တို့၏ တကျော့ပြန်တိုက်ပွဲများ အပစ်ရပ်ချိန်တွင် ငြိမ်းချမ်းရေးကိုရှေးရှု၍ သံသယဖြင့်ဖမ်းဆီးထားသည့် ရခိုင်ပြည်သူများကို ၂ လအတွင်း ပြန်လွှတ်ပေးရန် မြန်မာစစ်တပ်နှင့် AA တို့ကြား ကတိကဝတ်များရှိခဲ့သည်။

By Admin 27 Feb 2023

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြန်ကြာရေးတာဝန်ခံ ဦးခိုင်သုခအား တွေ့ရစဉ်။
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြန်ကြာရေးတာဝန်ခံ ဦးခိုင်သုခအား တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၂၇ 

တိုက်ပွဲကာလအတွင်းတွင် ဖမ်းဆီးခံခဲ့ရသည့် အပြစ်မဲ့ရခိုင်ပြည်သူများ လွတ်မြောက်ရေးအတွက် မြန်မာစစ်တပ်နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။ 

မြန်မာစစ်တပ်နှင့် AA တို့၏ တကျော့ပြန်တိုက်ပွဲများသည် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး ရပ်တန့်နေခဲ့သည်။ ထိုသို့အပစ်ရပ်ချိန်တွင် ငြိမ်းချမ်းရေးကိုရှေးရှု၍ သံသယဖြင့်ဖမ်းဆီးထားသည့် ရခိုင်ပြည်သူများကို ၂ လအတွင်း ပြန်လွှတ်ပေးရန် မြန်မာစစ်တပ်နှင့် AA တို့ကြား ကတိကဝတ်များရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။ 

အပစ်ရပ်ပြီးနောက်တွင် မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် ရခိုင်ပြည်သူအချို့ကို ပြန်လွှတ်ပေးခြင်းများ ရှိသော်လည်း အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းနေသည်ဟု AA ကဆိုသည်။ ထို့ကြောင့် အပြစ်မဲ့ပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။ 

“လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစလုပ်တဲ့ ကာလကတည်းက ၂ လအတွင်းမှာ အပြစ်မဲ့ပြည်သူတွေကို လွှတ်ပေးရမယ်ဆိုပြီး ကတိကဝတ်ရှိခဲ့တယ်။ ဒါပေမယ့် မြန်မာစစ်တပ်ဖက်က အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းနေတာတွေကို တွေ့နေရတယ်။ အပြစ်မဲ့ပြည်သူတွေ လွတ်မြောက်ဖို့အတွက် ကျနော်တို့ ဆက်လက်ပြီးတော့ ကြိုးပမ်းညှိနှိုင်းဆောင်ရွက်နေပါတယ်။ အပြစ်မဲ့ပြည်သူတွေ လွတ်မြောက်လာအောင် အဆင့်ဆင့်ညှိနှိုင်းပြီးတော့ အကောင်းဆုံးဆောင်ရွက်လို့ ရှိနေပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

မြန်မာစစ်တပ်နှင့် AA တို့သည်  ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး၊ ယင်းနောက်တွင် မတရားဖမ်းဆီးခံရသည့် အရပ်သားရခိုင်ပြည်သူ စုစုပေါင်း ၅၉၄ ဦးရှိခဲ့ကြောင်း ULA/AA ၏ စာရင်းအရ သိရသည်။ ယင်းအထဲမှ ပြည်သူ ၃၉၁ ဦးကို မြန်မာစစ်တပ်မှ ပြန်လွတ်ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်သည့် ရခိုင်ပြည်သူ ၂၀၃ ဦးရှိသေးသည်ဟု  ULA / AA က ဆိုသည်။ 

လက်ရှိတွင် မြန်မာစစ်တပ်နှင့် AA တို့၏ တကျော့ပြန်တိုက်ပွဲများ ရပ်တန့်နေသည်မှာ ၃ လအထိကြာမြင့်လာပြီ ဖြစ်သော်လည်း တိုက်ပွဲကာလအတွင်း သံသယဖြင့်ဖမ်းဆီးခဲ့သူများကို မြန်မာစစ်တပ်အနေဖြင့် ငြိမ်းချမ်းရေးကိုရှေးရှု၍ အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တောင်းဆိုနေကြသည်။ 

“ကျမတို့အနေနဲ့က အမြန်ဆုံး ပြန်လွတ်ပေးစေချင်တာပေါ့။ အခုဆိုရင် ဖမ်းထားတာလည်း ၈ လလောက်ရှိပြီ။ မနက်ဖြန်လည်း ရုံးချိန်းထားပါတယ်။ လွတ်လပ်ရေးနေ့ကလည်း မလွတ်လာဘူး၊ နောက်ပြီးတော့ ပြည်ထောင်စုနေ့ကလည်း မလွတ်လာဘူး။  မိသားစုအနေနဲ့ ပြန်လွတ်လာဖို့အတွက် အများကြီး မျှော်လင့်နေရတာပေါ့။ လက်ရှိအချိန်မှာ အပစ်အခတ်ရပ်စဲထားတဲ့ ကာလဖြစ်တဲ့အတွက် အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်”ဟု ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့မှ ကိုဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက ပြောသည်။

ကိုဇော်ဝင်းမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် လက်ရှိတွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ- ၅၀၅(က)ဖြင့် ကျောက်တော်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင် နေရသည်မှာ ၈ လခန့် ကြာမြင့်လာပြီဖြစ်သည်။

တကျော့ပြန်တိုက်ပွဲကာလတွင် AA နှင့် ဆက်စပ်သည်ဟု သံသယဖြင့် ရခိုင်ပြည်၊ မြို့နယ်အသီးသီးမှ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံများအပါအဝင် စုစုပေါင်း လူဦးရေ ၅၀ ခန့်ကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇ (၁) (၂)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (က) (ခ) စသည့် နိုင်ငံရေးပုဒ်မများဖြင့် မြန်မာစစ်တပ်မှ တရားစွဲဆိုခဲ့ကြောင်း DMG မှ ကောက်ယူ ထားသည့် စာရင်းအရ သိရသည်။ 

#R007

ဗီဒီယိုများ