စစ်ရေးပဋိပက္ခကြောင့် ရခိုင်တောင်သူများ စပါးမရိတ်သိမ်းနိုင်ဖြစ်နေ  

စပါးပင်များမှာ ရိတ်သိမ်းချိန်တန်ပြီဖြစ်သော်လည်း ရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုများ၊ စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် စပါးမရိတ်သိမ်းနိုင်ဖြစ်နေကြသည်။ 

By Admin 25 Nov 2023

ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမားများ စပါးရိတ်သိမ်းနေကြသည်ကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမားများ စပါးရိတ်သိမ်းနေကြသည်ကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၂၅

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့၏ ပြင်းထန်နေသော စစ်ရေးပဋိပက္ခများကြောင့် တောင်သူများမှာ လတ်တလော ရင့်မှည့်ပြီးစပါးများကို ရိတ်သိမ်းရန်အတွက် အခက်အခဲဖြစ်နေကြသည်။

စပါးပင်များမှာ ရိတ်သိမ်းချိန်တန်ပြီဖြစ်သော်လည်း ရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုများ၊ စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် စပါးမရိတ်သိမ်းနိုင်ဖြစ်နေကြသည်။ 

“ကျနော်တို့ရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိပေမဲ့ လက်နက်ကြီးတွေပစ်နေတော့ ရွာသားတွေက မနေရဲတော့ဘူး။ တစ်ချို့စပါးခင်းတွေဆိုရင် ရိတ်သိမ်းချိန်လွန်နေပြီ။  အချိန်မီမရိတ်နိုင်လို့ ယိုင်လဲကုန်ပြီ။ ကြာလာရင် အကုန်လုံး ဆုံရှုံးသွားတော့မှာ” ဟု ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်က မင်းပြားမြို့နယ်၊ ကေသလာပြွန်ဝကျေးရွာမှ အသက် ၇၀ အရွယ် ဦးဖြူလုံးမှာ လယ်ကွင်းတွင် စပါးစောင့်ပြီးအိပ်နေစဉ် မင်းပြားကျိန်းတောင်မှ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည်။

ရခိုင်တွင် တကျော့ပြန်စစ်ပွဲများ မဖြစ်မီအချိန်ကပင်  စစ်ကောင်စီနှင့် AA တို့ကြား စစ်ရေးပြင်ဆင်မှုများကို တွေ့လာရသဖြင့် လယ်သမားတချို့မှာ စပါးများကို ပုံမှန်ထက် စောလျင်စွာ ရိတ်သိမ်းမှုများရှိခဲ့ကြသည်။ 

ယခုနှစ် ရခိုင်က လယ်သမားများမှာ မုန်တိုင်းဒဏ်၊ ရေကြီးမှုဒဏ် စသည့် ရာသီဉတုဖောက်ပြန်မှု အခက်အခဲ မျိုးစုံကြားမှ ထွန်ယက်စိုက်ပျိုးခဲ့ရပြီး သီးနှံပေါ်ချိန်မှာလည်း တိုက်ပွဲကြောင့် စပါးမရိတ်သိမ်းနိုင်သဖြင့် ပြည်တွင်း ရိက္ခာဖုံလုံရေးအတွက် စိုးရိမ်စရာဖြစ်လာသည်။ 

မြောက်ဦးမြို့နယ်၊ လောင်းကြက်တောင်မော်ရွာမှ လယ်သမားတစ်ဦးက “စိုက်ပျိုးချိန်မှာလည်း ကုန်ကျစရိတ်တွေ ကြီးတာနဲ့ကြုံရတယ်။ အခု ရိတ်သိမ်းဖို့ကျတော့လည်း အခက်အခဲဖြစ်နေပြီ။  ဒီနှစ်မှာ ဝမ်းစာစပါးတောင် ရမှာမဟုတ်တော့ဘူး” ဟု ပြောသည်။

တိုက်ပွဲအခြေအနေကိုစောင့်ကြည့်ပြီး အမြန်ဆုံး စပါးရိတ်သိမ်းနိုင်ရန် စပါးခြွေလှည့်စက်များ အသုံးပြုမည် ဆိုပါကလည်း စစ်ကောင်စီက လမ်းပိတ်ထား၍ စက်သုံးဆီ ပြတ်လပ်နေမှုကြောင့် အဆင်မပြေဖြစ်နေကြသည်။ 

“ကျနော်တို့ရွာမှာ စပါးတွေအားလုံး ရင့်မှည့်နေကြပြီ။ စစ်ရေးအခြေအနေကြည့်ပြီး အမြန်ဆုံးဖြစ်အောင် စပါးရိတ်စက်နဲ့ရိတ်မယ်လို့ စဉ်းစားကြတော့လည်း စပါးရိတ်သိမ်းစက်တွေက ဆီပြတ်နေလို့ မလည်ပတ်နိုင်ဘူး။ ကျနော်တို့လယ်သမားတွေ ဒီနှစ်မှာတော့ တော်တော်ဒုက္ခရောက်နေကြပြီ” ဟု ကျောက်တော်မြို့နယ် လမ်းပိုက်ခွင်ကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။

ရခိုင်တွင် တိုက်ပွဲစဖြစ်သည့်နေ့မှစ၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုကို ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ စားနပ်ရိက္ခာ၊ ကုန်စည်အပြင် စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။

“စစ်ပွဲဖြစ်တာကြောင့် မရိတ်သိမ်းနိုင်တာ တစ်ခုရှိတယ်။ လမ်းတွေပိတ်ထားတာကြောင်း ကုန်စည်စီးဆင်မှု မရှိတာ အထူးသဖြင့် လောင်စာဆီတွေ မရနိုင်လို့ စပါးမရိတ်နိုင်တာ။ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ကုန်စည်စီးဆင်းမှုမရှိအောင် လမ်းတွေပိတ်ထားတာ” ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ရခိုင်တွင် လယ်ဧက ၁၂ သိန်းကျော်ရှိသော်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ၏ လယ်မြေများ၊ သွင်းအားစုစရိတ်မြင့်တက်၍ ပြည်ပထွက်ခွာမှုများကြောင့်  ယခုနှစ်တွင် စိုက်ပျိုးနိုင်သည့် လယ်ဧက ၁၀ သိန်း ကျော်သာ ရှိသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းများအရ သိရသည်။

#D008 #D011 #DMG 

ဗီဒီယိုများ