ရခိုင်တွင် စပါးအထွက်နှုန်းလျော့ကျ၍ လယ်သမားများ အရှုံးပေါ်နေရ

ရခိုင်တွင် စပါးစိုက်ရာသီ၌ ရာသီဥတုဖောက်ပြန်ခြင်း၊ သွင်းအားစု စရိတ်စက ကြီးမြင့်မှု၊ စပါးဈေးကောင်းမရခြင်း၊ စစ်ရေးပဋိပက္ခ စသည်တို့ကြောင့် ယခုနှစ် စပါးပေါ်ရာသီ၌ စပါးအထွက်နှုန်းကျဆင်းနေပြီး လယ်သမားများ အရှုံးပေါ်နေကြောင်း လယ်သမားများထံမှ သိရသည်။

By Admin 13 Dec 2022

ရခိုင်တွင် စပါးအထွက်နှုန်းလျော့ကျ၍ လယ်သမားများ အရှုံးပေါ်နေရ

DMG | ဒီဇင်ဘာ ၁၃

ရခိုင်တွင် စပါးစိုက်ရာသီ၌ ရာသီဥတုဖောက်ပြန်ခြင်း၊ သွင်းအားစု စရိတ်စက ကြီးမြင့်မှု၊ စပါးဈေးကောင်းမရခြင်း၊ စစ်ရေးပဋိပက္ခ စသည်တို့ကြောင့် ယခုနှစ် စပါးပေါ်ရာသီ၌ စပါးအထွက်နှုန်းကျဆင်းနေပြီး လယ်သမားများ အရှုံးပေါ်နေကြောင်း လယ်သမားများထံမှ သိရသည်။

ထိုသို့ စပါးအထွက်နှုန်းလျော့ကျရသည့် အကြောင်းအရင်းများမှာ ပုံမှန် မိုးရာသီတွင် မိုးမရွာဘဲ ရာသီဥတုဖောက်ပြန်မှုကြောင့် စပါးပင်များမှာ အဖျင်းများပြီး စပါးအထွက်နှုန်း လျော့ကျရခြင်းဖြစ်ကြောင်း လယ်သမားများက ဆိုသည်။

“ ဝါဆို၊ ဝါခေါင်မှာတုန်းက မိုးမရွာတာ ရက်ပေါင်း ၄၀ လောက်ရှိခဲ့တဲ့အတွက် ရာသီဥတု ဖောက်ပြန်မှုကြောင့် စပါးတွေဟာ အရည်အသွေးမကောင်း ဖြစ်သွားပါတယ်။ စပါးပင်တွေဟာ သေးသွားပါတယ်။ နောက်ပြီး ပင်စည်ပင်ဖျား၊ အလုံးအသားတွေ မပြည့်ဘူး။ အဖျင်း၊ အမှော်များတယ်။ စပါးလုံးတွေက သေးငယ်ပြီး အရည်အသွေး လုံးဝမပြည့်ပါ။ ဒါတွေကြောင့် စပါးအထွက်နှုန်းတွေ လျော့ကျလာရပါတယ်” ဟု ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ လယ်သမား ဦးအောင်ကျော်မြ က DMG သို့ ပြောသည်။

ယင်းအပြင် ရခိုင်တွင် တကျော့ပြန်ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကလည်း လယ်သမားတို့အတွက် စပါးအထွက်နှုန်းများ လျော့ကျခဲ့ရကြောင်း ဆိုသည်။ ယင်းကြောင့် လက်ရှိတွင် ရခိုင်လယ်သမားများမှာ ၅၀ ရာခိုင်နှုန်းအထိ အရှုံးပေါ်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

“ စစ်ကောင်စီက ပစ်ကြတဲ့ လက်နက်ကြီးကျည်တွေကြောင့် ကျွန်တော်တို့မှာ စိုက်ပျိုးထားတဲ့ ကြဲထားတဲ့ ပစ္စည်းတွေကို အချိန်မှီ ဓာတ်မြေသြဇာ မကျွေးနိုင်တာတွေ၊ ပြုစုပျိုးထောင်မှုတွေ မလုပ်လိုက်ရတာတွေ ပါတယ်။ ကိုယ့်လယ်ကွက်မှာ ပြုစုပျိုးထောင်ဖို့ အချိန်မရရင် လိုအပ်တဲ့ ထွက်နှုန်းတွေကို မရတာတွေရှိပါတယ် ” ဟု ကျောက်တော်မြို့နယ် နဂါရာကျေးရွာမှ လယ်သမား ဦးအေးမောင်က ဆိုသည်။

ယခုနှစ် စပါးရိပ်သိမ်းရာသီတွင် ရိတ်သိမ်းပြီးထားသည့် စပါးများကို တွက်ချကြည့်ခြင်းအရ ယခင်နှစ်က တစ်ဧက လျှင် စပါးတောင်း ၁၅၀ မှ တောင်း ၁၈၀ နီးပါး အထိ ထွက်ခဲ့သော်လည်း ယခုနှစ်တွင်မှု တစ်ဧကတွင် ၈၈ တောင်း ခန့်သာထွက်သည့် အတွက် ၅၀ ရာခိုင်နှုန်းအထိ အရှုံး ပေါ်နေခြင်းဖြစ်ကြောင်း ဉီးအေးမောင်က ဆက်ပြောသည်။

ထို့အတူ ပြီးခဲ့သည့်နှစ်က ယခုရာသီတွင် စပါးဈေးနှုန်းမှာ ငစိန်စပါး (ဒေသအခေါ် ဆန်ချေ) တောင်း ၁၀၀ ကို ငွေကျပ် ၄ သိန်းနှင့် ပေါ်ဆန်းမွှေးစပါးဆိုလျင် ငွေကျပ် ၆ သိန်းအထိ ရှိခဲ့သော်လည်း လက်ရှိ ကာလ ပေါက်စျေး အရ ငစိန်စပါး ( ဒေသအခေါ် ဆန်ချေ) တောင်း ၁၀၀ ကို ငွေကျပ် ၃ သိန်းခွဲနှင့် ပေါ်ဆန်းမွှေးဆိုလျင် ငွေကျပ် ၄ သိန်းခွဲကနေ ၅ သိန်းအထိသာ ဈေးနှုန်းများ ဖြစ်နေသဖြင့် လယ်သမားများမှာ ထပ်မံ အရှုံးနှင့် ရင်ဆိုင်နေရခြင်းလည်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ယခုနှစ်တွင် ရခိုင်ရှိ လယ်သမားများ အရှုံးပေါ်မှုကြောင့် လယ်သမားများမှာ လာမည့်နှစ်တွင် စပါးများစိုက်ပျိုးရန် အခက်အခဲများစွာနှင့် ရင်ဆိုင်လာရမည်ဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

“ စပါးအထွက်နှုန်း လျော့နည်းလို့ လယ်သမားတွေ အရှုံးပေါ်ကြမှာပါ အဲလို အခြေအနေ တွေကြောင့်ကို လယ်သမားတွေက လယ်မလုပ်ချင်ကြတော့ဘူး။ လယ်လုပ်ဖို့ အတွက်ကို စိတ်ပျက်သွားကြတယ်။ လယ်လုပ်လို့ ရှုံးရင် ဘယ်သူက လုပ်ချင်ကြတော့မလဲ။ အဲဒီ မြေကွက်တွေကို ပစ်ထားလိုက်ရလိမ့်မယ် ” ဟု သူက ပြောသည်။

ယခုနှစ် ရခိုင်ပြည်တွင် စိုက်ပျိုးရေး စရိတ် မြင့်တက်မှုများကြောင့် စိုက်ဧက ၁၂ သိန်းရှိသည့် အနက် ၉ သိန်းလောက်သာ စိုက်ပျိုးနိုင်ခဲ့ကာ စက်တင်ဘာလအတွင်းက တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့်လည်း စိုက်ဧက ၅ သောင်းကျော်ခန့်အထိ ပျက်စီးဆုံးရှုံခဲ့ကြောင်း သိရသည်။

# I-002

ပုံစာ- ရခိုင်ပြည်တွင် စပါးများ ရိတ်သိမ်းနေသည့် လယ်သမားများတွေ့ရစဉ်

ဗီဒီယိုများ