ပြည်မမှ ရခိုင်သို့လာသည့် ကုန်ကားများကို စစ်ဆေးမှု များနေသည့်အတွက် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေ

လက်ရှိရခိုင်သို့ ရန်ကုန်၊ မန္တလေး စသည့် ပြည်မဘက်မှလာသည့် ကုန်ကားများကို လမ်းခရီးတွင် မြန်မာစစ်တပ်က စစ်ဆေးမှု များနေသည့်အတွက် အချိန်ကြန့်ကြာပြီး ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု နှောင့်နှေးနေကြောင်း  ရခိုင်ကုန်သည်များထံမှ သိရသည်။

09 Jul 2022

ရန်ကုန်ဘက်မှ လာလျှင် မြောက်ဦးမြို့အဝင်တွင်ရှိသည့် ခမရ - ၅၄၀ တပ်ရင်းမှ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ (ဓါတ်ပုံ - CJ)

DMG ၊ ဇူလိုင် ၉

လက်ရှိရခိုင်သို့ ရန်ကုန်၊ မန္တလေး စသည့် ပြည်မဘက်မှလာသည့် ကုန်ကားများကို လမ်းခရီးတွင် မြန်မာစစ်တပ်က စစ်ဆေးမှု များနေသည့်အတွက် အချိန်ကြန့်ကြာပြီး ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု နှောင့်နှေးနေကြောင်း  ရခိုင်ကုန်သည်များထံမှ သိရသည်။

ထိုသို့ မြန်မာစစ်တပ်က လမ်းခရီး၌ ပုံမှန်ထက်စစ်ဆေးမှုများခြင်း၊ မိုးရာသီဖြစ်သည့်အတွက် သဘာဝဘေး အန္တရာယ်ကြောင့် လမ်းခရီး ကြန့်ကြာခြင်းများနှင့်အတူ ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု ကြန့်ကြာမှု များရှိနေခြင်းဖြစ်ကြောင့် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ဆိုသည်။

“ကုန်စည်စီးဆင်းမှုအပိုင်းက အခုအချိန်ခါ နှောင့်နှေး လာတယ်။ ဒီလို ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးလာ တော့ ကုန်သည်တွေမှာ အရင်းနှီးတွေလည်းများလာတယ်။ အချိန်ကြန့်ကြာတော့ ကုန်စိမ်း တွေလည်း ပျက်စီးသွားတာတွေ ဖြစ်သွားတယ်။ ကုန်သည်တွေလည်း နစ်နာတာပေါ့ ” ဟုဆို သည်။

ထို့ကြောင့် တစ်ပတ်ခန့်သာ ကြာမည့် ကုန်တင်ကားများမှာ လက်ရှိတွင် နှစ်ပတ်ခန့်ကြာမြင့်ကြောင်းလည်း သိရသည်။

စစ်ဆေးခံရသည့် ဂိတ်များမှာ အမ်းမြို့နယ်တွင် ၂ ဂိတ်နှင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စစ်တွေ(ကျော က်တန်း) စသည့် ဂိတ်များတွင် တောက်လျောက်စစ်ဆေးမှုများရှိပြီး လမ်းတလျောက်တွင် မြန်မာစစ်တပ် စစ်ဆေးရေးဂိတ် ၁၀ ခုခန့်ရှိကြောင်းလည်း သိရသည်။

အဆိုပါ စစ်ဆေးရေး ဂိတ်များတွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် ကားအတွင်းပါရှိသည့် ကုန်ပစ္စည်းများကို တခါတရံဖောက်ထွင်းစစ်ဆေးခြင်း၊ မှတ်ပုံတင်၊ ခရီးသည်စာရင်း၊ ကုန်ပစ္စည်းများကို နယ်လုံလက်မှတ်တောင်းခံခြင်း စသည်တို့ရှိနေခြင်းဟုလည်း ကားသမားများက ပြောသည်။

ထိုသို့ စစ်ဆေးနေသည့် အတွက် ခရီးသည်များမှာ စိတ်အနှောင့်အယှက်ဖြစ်နေရပြီး၊ ကားသမားများ အနေဖြင့် လည်း လမ်းခရီး၌ ညအိပ်ရသည်အထိ ဖြစ်နေတတ်ကြောင်း အမည် မဖော်လိုသည့် စစ်တွေ- မန္တလေး ကုန်စည်ပို့ဆောင်နေသည့် ကားသမားတစ်ဦးက ဆိုသည်။

“ ပုံမှန် ၅ နာရီလောက်သွားရတဲ့ လမ်းခရီးကို အခုဆိုရင် ၁၀ နာရီလောက်သွား နေရတယ်။ တဖက်ပြည်မကို ရောက်ရင်လည်း ညဖက်မဝင်ရဘူး။ လမ်းမှာပဲ အိပ်လိုက်ရပါတယ်။ အခုနောက်ပိုင်း ကားသမားတွေဟာ လမ်းမှာပဲ အိပ်ရတော့တယ်။ စစ်ဆေးမှုတွေ ပုံမှန်ထက်လုပ်နေတော့ ခရီးသည်တွေလည်း စိတ်ပင်ပန်းရတာပေါ့ ” ဟု ကားသမား တစ်ဦးက ဆိုသည်။

လက်ရှိတွင် ပြည်မမှနေ ရခိုင်ပြည်သို့ ကုန်ပစ္စည်းများ တင်သွင်းသည့်အခါ ရေကြောင်းလမ်း၊ လေကြောင်းလမ်း တို့မှ သယ်ယူ၍ ရရှိနိုင်သော်လည်း ကုန်ပစ္စည်း သယ်ယူရာတွင် စရိတ်အလွန် ဈေးကြီးသည့် အတွက် ကုန်းလမ်းကိုသာ ကုန်ကားများဖြင့် အဓိက သယ်ယူကြခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ကုန်းလမ်းခရီး အချိန်ကြန့်ကြာမှုများကြောင့် တခါတရံ ကုန်စိမ်း ဟင်းသီးဟင်းရွက်များ ပုတ်သိုး၊ ပျက်စီးသွား ခြင်းများဖြစ်ရပြီး အရှုံးနှင့် ကြုံတွေ့နေရကြောင်းလည်း စစ်တွေမြို့မ ဈေးတွင်ဖြန့် ဝေရောင်း ချနေ သည့် ကုန်သည် ဦးမောင်လှထွန်းက ဆိုသည်။

“ပစ္စည်းတွေ မှာယူရင်လည်း လမ်းခရီးမှာ (၅) ရက်လောက် ကြာသွားတယ်။ ကြားထဲမှာ မိုးတွေရွာတော့ ဟင်းစိမ်းတွေ အကုန်လုံး ပျက်စီးကုန်တယ်။ ငရုပ်သီးတို့ တခြားဟင်းရွက်တွေဆိုရင် ပုတ်သွားတယ်။ တခါတလေ အမြတ်ရဖို့ဆိုတာထက် အရင်းရအောင်ပဲ ဖြစ်သလို ရောင်းချ လိုက်တာတွေလည်းရှိပါတယ် ” ဟု ဦးမောင်လှထွန်းက ဆိုသည်။

အလားတူ စားကုန်ဆိုင်ပိုင်ရှင် ဒေါ်တင်တင်ဦးကလည်း ကုန်ပစ္စည်းသယ်ယူမှု အချိန်ကြန့်ကြာသည့်အတွက် တခါတရံ ကုန်ပစ္စည်းပြတ်လပ်ခြင်းနှင့် ကြုံတွေ့ရပြီး၊ ကုန်စည်များကို ဈေးတင်ရောင်းချရခြင်းများလည်း ရှိကြောင်း ဆိုသည်။

“ရန်ကုန်ဘက်တို့က တိုက်ရိုက်လည်း ယူတယ်။ တခြား ဆိုင်တွေက ယူတာလည်း ရှိတယ်။ အချိန်တွေ အရမ်း ကြာသွားလို့ပစ္စည်းတွေ မရောက်နိုင်ဘူး ဆိုရင်တော့ ကုန်ပစ္စည်းပြတ်တာတော့ ဈေးတင်ပြီးရောင်းချ လိုက်ရ တာလည်း ရှိပါတယ် ” ဟု ဒေါ်တင်တင်ဦးက ရှင်းပြသည်။

အဆိုပါ ရခိုင်သို့ လာသည့်ကားများကို မြန်မာစစ်တပ်က ပုံမှန်ထက် စစ်ဆေးမှုများရှိနေကြောင်း ကားသမားနှင့် ဒေသခံ များ၏ ပြောဆိုချက်နှင့်ပတ်သတ်ပြီး တစုံတရာတုန့်ပြန်မှု ရရှိရန် ရခိုင်ပြည်နယ် လုံခြုံရေနှင့် နယ်စပ်ရေးရာ  ဝန်ကြီး ဗိုလ်မှူးကြီး  ကျော်သူရ အားဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်း လက်ရှိတွင် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး တစ်မြို့နှင့် တစ်မြို့ ကူးသန်းသွားလာနေသည့် ခရီးသွားများကို မြန်မာစစ်တပ်က မှတ်ပုံတင်စစ်ဆေးခြင်း၊ အထုပ်အပိုးများ ကို စစ်ဆေးခြင်းစသည့် တင်းကြပ်မှုများကြောင့် ဒသခံများအတွက် အခက်ကြုံနေ ရကြောင်းလည်း ပြောဆိုနေကြသည်။

ဗီဒီယိုများ