ရသေ့တောင်မြို့နယ်တွင် ကားလမ်းများ ဆိုးဝါးစွာပျက်စီးနေ

ရခိုင်ပြည်သူများမှာ လမ်းပန်းဆက်သွယ်ရေးအတွက် ရေလမ်းခရီးကို အဓိကအားထားရပြီး ကုန်းလမ်းခရီးတွင်လည်း လမ်းပျက်စီးနေမှုများကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့်ကဏ္ဍတို့တွင် စိန်ခေါ်မှုများစွာရှိနေသည်။ 

By Admin 16 Aug 2023

ရသေ့တောင်- ပုဏ္ဏားကျွန်းလမ်း ပျက်စီးနေမှုကို ဩဂုတ် ၁၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ဖြူလင်း) 
ရသေ့တောင်- ပုဏ္ဏားကျွန်းလမ်း ပျက်စီးနေမှုကို ဩဂုတ် ၁၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ဖြူလင်း) 

DMG ၊ ဩဂုတ် ၁၆

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကားလမ်းပိုင်းတချို့မှာ မိုးရွာသွန်းမှုကြောင့် ဆိုးဝါးစွာပျက်စီးနေပြီး သွားလာရခက်ခဲနေကြောင်း ခရီးသွားများနှင့် ကားသမားများက ပြောသည်။

မြို့နယ်အနောက်ဘက်ရှိ  စေတီပြင် - အင်းဒင် - ကျောက်ပန္ဒူ မေယု‌တောင်ကျော်လမ်း၊ မေယုတောင် အရှေ့ဘက်ခြမ်းရှိ အငူမော် - စေတီပြင် - ဘူးသီးတောင်လမ်းနှင့် ရသေ့တောင်အရှေ့ဘက်ရှိ ပုဏ္ဏားကျွန်း- ရသေ့တောင် လမ်းပိုင်းတို့မှာ ဆိုးဝါးစွာပျက်စီးနေသဖြင့် သက်ဆိုင်ရာက အမြန်ဆုံးပြုပြင်ပေးရန် ခရီးသွားပြည်သူများက လိုလားနေကြသည်။ 

စေတီပြင် - ကျောက်ပန္ဒူ တောင်ကျော်လမ်းမှာ မိုးရွာသွန်းမှုကြောင့် တောင်အတက်အဆင်း နေရာများတွင် ဆိုးဆိုးဝါးဝါးပျက်စီးနေသဖြင့် သွားလာရေးတွင်အန္တရာယ်ရှိနေကြောင်း လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသူ စေတီပြင်ရွာသား ကိုအောင်မင်းစိုးက ပြောသည်။

“တောင်အတက်အဆင်းနေရာတွေက အတော်လေးအန္တရာယ်များတယ်။ ချိုင့်ခွက်တွေဖြစ်ပြီး လမ်းပျက်နေတော့ ကားတွေက သွားရတာအရမ်းခက်ခဲတယ်။ တောင်နံရံမြေသားတွေလည်း ရေတိုက်စားပြီး ပျက်စီးနေတော့ ခရီးသွားလူတွေ၊ လူနာတင်ကားတွေအတွက် အန္တရာယ်ရှိတယ်” ဟု ၎င်းက ပြောသည်။

စေတီပြင် - အင်းဒင် - ကျောက်ပန္ဒူ မေယုတောင်ကျော်လမ်းသည် အရှည် ၁၀ မိုင် ၇ ဖာလုံ ရှိပြီး အငူမော် - မောင်တောလမ်းပိုင်းနှင့် ချိတ်ဆက်ထားသည့် ကျောက်ခင်းလမ်းဖြစ်သည်။ လက်ရှိတွင် စေတီပြင်ကျေးရွာမှ မေယုတောင်ခြေထိ ကွန်ကရစ်လမ်း ၂ မိုင် ၄ ဖာလုံခန့်သာ လမ်းကောင်းပြီး ကျန်နေရာများတွင် သွားလာရခက်ခဲနေခြင်းဖြစ်သည်။

မေယုတောင်ကျော်လမ်း ပျက်စီးနေမှုကို ဩဂုတ် ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

အဆိုပါ မေယုတောင်ကျော်လမ်းသည် မေယုမြစ်အနောက်ဘက်ကမ်းရှိ စေတီပြင်အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော်ကဒေသခံများ စစ်တွေမြို့သို့ သွားလာသည့်အခါ အားထားရသောလမ်းပိုင်းဖြစ်ပြီး မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ သွားလာရာတွင်လည်း အရေးပါသည်။ 

ယင်းလမ်းအပြင် မေယုတောင်ခြေအရှေ့ဘက်တွင် ဖောက်လုပ်ထားသည့် အငူမော် - စေတီပြင် - ဘူးသီးတောင်  ကျောက်ခင်းလမ်းမှာလည်း ပျက်စီးနေပြီး ခရီးသွားပြည်သူများ သွားလာရေး အဆင်မပြေဖြစ်နေကြသည်။

“အငူမော် - စေတီပြင်လမ်းက အရမ်းဆိုးတယ်။ သွားလာရတာ လုံးဝအဆင်မပြေဘူး။ တချို့နေရာတွေမှာ လမ်းကနိမ့်ပြီးတော့ တံတားတွေကအရမ်းမြင့်တဲ့အခါ ကားတွေပျက်တဲ့အထိ ရှိကြတယ်။ ဒါကြောင့် ကုန်ခဲ့တဲ့လက ကျနော်တို့ ကားသမားတွေနဲ့ စုပေါင်းပြီးတော့ အဲဒီလမ်းက ချိုင့်ခွက်တွေမှာ ကျောက်တွေထည့်ပြီး ကိုယ်ထူကိုယ်ထ လုပ်ကြတယ် ” ဟု ရသေ့တောင်ဒေသဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးကျော်သန်းက ပြောသည်။

အငူမော် - စေတီပြင် - ဘူးသီးတောင်လမ်းရှိ အငူမော် - စေတီပြင်လမ်းပိုင်းမှာ ၂၇ မိုင်ရှည်လျားပြီး မေယုကမ်းဒေသရှိ ကျေးရွာပေါင်း ၄၀ ခန့်က ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်းသို့ ဆက်သွယ်ထားသော လမ်းဖြစ်သည်။

ယခင်က အငူမော် - စေတီပြင်လမ်းပိုင်းကို နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဖောက်လုပ်ခဲ့ပြီး လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဦးဌာနသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

အလားတူ ၂၂ မိုင်ကျော်ရှည်လျားသည့် ရသေ့တောင် - ပုဏ္ဏားကျွန်း ကားလမ်းတွင်လည်း ထွန်းရဝေနှင့် ကြိမ်သာကျေးရွာအနီးလမ်းပိုင်းမှာ ပျက်စီးနေသဖြင့် အမြန်ဆုံးပြုပြင်ပေးရန် ဒေသခံများက လိုလားနေကြသည်။

ရသေ့တောင်မြို့နယ်အတွင်း လူသုံးများသည့် အဓိကလမ်းများ ပျက်စီးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလမ်းအဖွဲ့ကို တင်ပြထားကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က ပြောသည်။

“ကျောက်ပန္ဒူ- စေတီပြင် မေယုတောင်ကျော်လမ်းကိုတော့ လမ်းအထူး ၁၇ က ကိုင်တာ။ လမ်းအထူး ၁၇ က တာဝန်ရှိသူကို အမြန်ဆုံးပြန်ပြင်ပေးဖို့ ဖုန်းနဲ့တင်ပြထားတယ်။ မိုးကလည်း အဆက်မပြတ်ရွာနေတော့ တောင်ကျော်လမ်းဖြစ်တဲ့အခါ စက်ယန္တရားတွေဝင်ဖို့အတွက် အခက်အခဲတွေရှိတယ်။ ဒါပေမဲ့ အမြန်ဆုံး ပြုပြင်ပေးနိုင်ဖို့တော့ ပြောထားပါတယ်” ဟု ဦးနိုင်လင်းထက်က ပြောသည်။

ရခိုင်ပြည်အတွင်းက ပြည်သူများမှာ လမ်းပန်းဆက်သွယ်ရေးအတွက် ရေလမ်းခရီးကို အဓိကအားထားရပြီး ကုန်းလမ်းခရီးတွင်လည်း လမ်းပျက်စီးနေမှုများကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် ကဏ္ဍတို့တွင် စိန်ခေါ်မှုများ ရှိနေကြသည်။ 

#I003

ဗီဒီယိုများ