မုန်တိုင်းကြောင့်ပျက်စီးသွားသည့် လမ်း၊ တံတားများကို မပြုပြင်နိုင်သေး

ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများမှာ ကူညီကယ်ဆယ်ရေးများ လုံလောက်စွာ မရရှိသည့်အပြင် စားဝတ်နေရေး၊ စီးပွားရေးအတွက် သွားလာလှုပ်ရှားရေးတွင် အဓိကအရေးပါသော လမ်း၊ တံတားများ ကျိုးပျက်နေခြင်းကြောင့် ပို၍ အခက်တွေ့နေကြသည်။ 

By Admin 16 Aug 2023

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်က ‘မေယုအားမာန်’ ကြိုးတံတားကို ဩဂုတ်လ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့
မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်က ‘မေယုအားမာန်’ ကြိုးတံတားကို ဩဂုတ်လ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

DMG ၊ ဩဂုတ် ၁၆ 

မုန်တိုင်းအလွန် သုံးလကျော်ကြာအထိ ရခိုင်ပြည်က ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ စသည့်မြို့နယ်တို့တွင်   ပျက်စီးသွားသည့် လမ်း၊ တံတားများကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေး၍ ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ကြုံတွေ့နေကြရသည်။ 

ကျေးရွာပေါင်း ၉ ရွာခန့်မှ ဒေသခံများ အသုံးပြုသွားလာနေကြသည့် ရသေ့တောင်မြို့နယ်၊ သရက်ချောင်းရွာရှိ ‘မေယုအားမာန်’ကြိုးတံတား မုန်တိုင်းကြောင့် ကျိုုးပဲ့ပျက်စီးသွားခြင်းကို ယခုထိ မပြုပြင်နိုင်သေးပေ။ 

“အခုက မုန်တိုင်းကြောင့် သံပြားတွေ ကွာသွားတဲ့နေရာတွေကို သစ်ပြားတွေခင်းပြီး သွားနေရတယ်။ ပြတ်သွားတဲ့ တံတားထိန်းကြိုးတွေကို လောလောဆယ်သွားလို့ရအောင် ရွာသားတွေပေါင်းပြီး ပြုပြင်ထားတာ ရှိတယ်။ ပျက်စီးသွားတာက အများကြီးဆိုတော့ သွားလာရတာ အရမ်းအန္တာရာယ်များတယ်”  ဟု သရက်ချောင်းကျေးရွာမှ ဦးစိုးလှအေးက ပြောသည်။ 

‘မေယုအားမာန်’ကြိုးတံတားမှာ သရက်ချောင်းရွာနှင့် အနီးပတ်ဝန်းကျင်ရှိ သရက်ပြင်၊ လောင်းချောင်း၊ အောင်မ၊ ပြင်ချောင်း၊ စေတီပြင်၊ မော်ထက်၊ သာယာကုန်း စသည့်ကျေးရွာတို့ကို ဆက်သွယ်ထားခြင်းဖြစ်သည်။ အဆိုပါ တံတားကို ဒေသခံများစုပေါင်းငွေများဖြင့် ၂၀၁၃ ခုနှစ်က ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားခြင်းဖြစ်သည်။ 

မုန်တိုင်းသင့်ဒေသခံများမှာ တံတားကို ပြန်လည်ပြုပြင်ရန် အခက်အခဲရှိနေ၍ ရသေ့တောင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်မှု မရှိသေးကြောင်း သိရသည်။ 

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် နေအိမ်၊ အဆောက်အအုံများနှင့် လမ်း၊ တံတား အများအပြား ပျက်စီးသွားခဲ့ရသည်။ 

မုန်တိုင်းကြောင့် တံတားတစ်ခုလုံး ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနီးရှိ ‘မော်ထက်’ ကြိုးတံတားမှာလည်း လက်ရှိအချိန်ထိ မပြုပြင်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။  

“ဒေသခံတွေက ရသေ့တောင်မြို့ကို သွားမယ်ဆိုရင်လည်း အဲဒီကြိုးတံတားကိုဖြတ်ပြီးမှ သွားလို့ရတာ။ အခုက တံတားပျက်နေတော့ ချောင်းကနေ လှေနဲ့ကူးပြီး သွားရတယ်။ မိုးရာသီမှာ‌ လှေစီးရတာက ကလေးတွေရော၊ လူကြီးတွေအတွက်ပါ အသက်အန္တရာယ်ရှိတယ်” ဟု စေတီပြင်ကျေးရွာမှ ဦးထွန်းကြိုင်က ပြောသည်။ 

ရသေ့တောင်မြို့နယ်အတွင်းရှိ မုန်တိုင်းသင့်တံတားများ မပြုပြင်နိုင်သေးခြင်းနှင့်ပတ်သက်၍ မြို့နယ်ထွေ/အုပ်ရုံး တာဝန်ရှိသူများကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

မြေပုံမြို့နယ် င/မန်းရဲကျွန်းတွင်လည်း ကျေးရွာပေါင်း ၁၁ ရွာခန့်မှဒေသခံများ အဓိကအသုံးပြုနေသည့် (မြေသားလမ်း) လမ်းမကြီးမှာ မုန်တိုင်းတိုက်ခတ်စဉ် ဒီရေတိုက်စားမှုကြောင့် ပျက်စီးသွားခဲ့ပြီး လက်ရှိအချိန်ထိ မပြုပြင်နိုင်သေး၍ သွားလာရေးအခက်ကြုံနေကြောင်း သိရသည်။

“ကျနော်တို့ အထက်ကအကြီးအကဲတွေဆီကို တင်ပြထားတာရှိတယ်။ ဒါပေမဲ့ ဘာမှအကြောင်းပြန်မလာသေးဘူး။ လမ်းမကောင်းတော့လို့ ကျေးရွာဒေသခံတွေက သွားရေးလာရေး တော်တော်ဒုက္ခရောက်တယ်” င/မန်းရဲကျွန်းရှိ ကြက်ရေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးလှိုင်က ပြောသည်။ 

မုန်တိုင်းကြောင့် ပျက်စီးသွားသော မြေပုံမြို့နယ်၊ င/မန်းရဲကျွန်းက လမ်းမကြီး

အဆိုပါလမ်းမကြီးကို င/မန်းရဲကျွန်းတိုက်နယ်ရှိ ကြက်ရေ၊ လွန်းလုံးပိုက်၊ ပြန်ငခူချောင်း၊ ဝက်ကောက်ကြီး၊ င/မန်းရဲကြီး စသည့်  ကျေးရွာပေါင်း ၁၁ ရွာခန့်ကဒေသခံများ မြေပုံမြို့ပေါ်သို့ သွားလာရာတွင်  အဓိက အသုံးပြုနေရခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြေပုံမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။ 

ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများမှာ ကူညီကယ်ဆယ်ရေးများ လုံလောက်စွာ မရရှိသည့်အပြင် စားဝတ်နေရေး၊ စီးပွားရေးအတွက် သွားလာလှုပ်ရှားရေးတွင် အဓိကအရေးပါသော လမ်း၊ တံတားများ ကျိုးပျက်နေခြင်းကြောင့် ပို၍ အခက်တွေ့နေကြခြင်း ဖြစ်သည်။ 

“ရခိုင်က မုန်တိုင်းသင့်ပြည်သူတွေရဲ့ စားဝတ်နေရေးပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ လမ်းပန်းဆက်သွယ်ရေးက အရေးကြီးတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ အကူအညီတွေလည်း ရောက်လာနိုင်မှာဖြစ်တယ်။ အဲဒါကြောင့် မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လမ်း၊ တံတားတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးပြုပြင်ပေးဖို့ လိုအပ်တယ်” ဟု မြိုတိုင်းရင်းသား ကိုမျိုးမြတ်လှဲက ပြောသည်။ 

ရခိုင်ပြည်အတွင်း နေထိုင်ကြသောလူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် ကဏ္ဍတို့တွင် ယနေ့အထိ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရဆဲဖြစ်သည်။ 

ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများတွင်နေထိုင်ကြသော ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံဖြိုးတိုးတက်လာရေးအတွက် လမ်းတံတားများကို ထပ်မံလုပ်ဆောင်ပေးရန် လိုအပ်နေသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

#I011

ဗီဒီယိုများ