တောင်ကုတ်တွင် သေနတ်အတုပြကာ ရွှေလုယက်ခဲ့သူ နှစ်ဦးအနက် တစ်ဦးကို ဖမ်းမိ

“ဖမ်းမိတာကတော့ မနေ့က ည ၉ နာရီခွဲမှာ ဖမ်းမိတာ။ သူနဲ့အတူ ရွှေ ၂၁ ကျပ်သားရယ်။ ဆိုင်ကယ်ရယ် ဖမ်းမိထားတယ်။

By Admin 28 Jul 2023

လုယက်သူအား သက်သေခံပစ္စည်များနှင့်တကွ ဇူလိုင်လ ၂၇ ရက်နေ့တွင် တွေ့ရစဉ်။
လုယက်သူအား သက်သေခံပစ္စည်များနှင့်တကွ ဇူလိုင်လ ၂၇ ရက်နေ့တွင် တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၈

ရခိုင်ပြည်၊ တောင်ကုတ်မြို့ ဂူတာရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေများကို သေနတ်အတုကိုပြကာ လုယက်ခဲ့သူ လူနှစ်ဦးထဲမှ တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း တောင်ကုတ်ရဲစခန်း တာဝန်ရှိသူများထံမှ သိရသည်။

ဇူလိုင်လ ၂၇ ရက် နေ့လည် ၂ နာရီကျော်အချိန်တွင် တောင်ကုတ်-ပန်းတောင်း လမ်းမကြီးရှိ ‘ရွှေပွင့်အိမ်’ ရတနာရွှေဆိုင်အား မျက်နှာဖုံးစွပ်၊ ဆိုင်ကယ်ဦးထုပ်ဆောင်း၊ လက်အိတ်ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး သေနတ်အတုဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ ရွှေများကို လုယူသွားခြင်းဖြစ်သည်။

“ဖမ်းမိတာကတော့ မနေ့က ည ၉ နာရီခွဲမှာ ဖမ်းမိတာ။ သူနဲ့အတူ ရွှေ ၂၁ ကျပ်သားရယ်။ ဆိုင်ကယ်ရယ် ဖမ်းမိထားတယ်။ လမုကျေးရွာ အရှေ့ဘက် တောင်တစ်တောင်နားက လယ်တဲမှာ ဖမ်းမိတာ။ လက်ရှိမှာတော့ လမုရဲစခန်းမှာ ထိန်းသိမ်းထားတယ်” ဟု တောင်ကုတ်မြို့နယ် ရဲစခန်းအရာရှိတစ်ဦးက DMG ကို ပြောသည်။

ဖမ်းဆီးထားသူမှာ မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့ ဇာတိဖြစ်ပြီး လက်ရှိ နေပြည်တော်တွင် နေထိုင်နေသူ အသက် ၃၂ နှစ်အရွယ် ဖြစ်သည်။ ဓားပြတိုက်ရာတွင်ပါဝင်သည့် နောက်တစ်ဦးမှာ အသက် ၂၀ အရွယ်ခန့်ဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေနေကြောင်း ရဲစခန်းမှသိရသည်။

“ဖြစ်တာကတော့ ၂ နာရီနဲ့ ၃ နာရီကြားမှာ။ သူတို့က ဆိုင်ကယ်၊ အုပ်ထုပ်နဲ့ အကုန်မျက်နှာဖုံးတွေ အုပ်ထားတော့ အမျိုးသား၊ အမျိုးသမီး ခွဲလို့မရဘူး။ FZ ဆိုင်ကယ်စီးပြီးတော့ လာတိုက်ကြတာ။ ဆိုင်ထဲက ကောင်မလေးက ရွှေတွေကို လိုက်လုသေးတာ။ လိုက်လုတော့ သေနတ်ထုတ်ပြီး ရွယ်တယ်” ဟု တောင်ကုတ်မြို့ခံ ကိုဥက္ကာက ပြောသည်။

သေနတ်ဖြင့် ချိန်ရွယ်သောအချိန်တွင် အနီးအနားရှိလူများက ခဲများဖြင့် ဝိုင်းပစ်သောကြောင့် လုယက်သူနှစ်ဦးမှာ လျှင်မြန်စွာမောင်း၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ကလည်း မြောက်ဦးမြို့ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဝယ်မည်ဟု အကြောင်းပြကာ ရွှေများကို လုယက်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ၏ စီးပွားရေးကျဆင်းလာကာ ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး မုန်တိုင်းလွန်ကာလ ရခိုင်ဒေသတွင် ခိုးဆိုးလုယက်မှု များပြားလာသဖြင့် လုံခြုံရေး စိုးရိမ်စရာဖြစ်နေကြောင်း ဒေသခံများကပြောသည်။
#I010

ဗီဒီယိုများ