ဂွ-မန်ကျည်းငူတံတားမှ ကူးသန်းသွားလာခွင့်ရလျှင် ဒေသအတွက် အကျိုးဖြစ်ထွန်းလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များပြော

ရခိုင်ပြည်၊ ဂွမြို့နှင့် ဧရာဝတီတိုင်းဒေသရှိ မန်ကျည်းငူကျေးရွာတို့ကို ဆက်သွယ်ထားသည့် ဂွချောင်းကူးတံတားမှာ ယခု ဒီဇင်ဘာလအတွင်း တံတားဖွင့်ပွဲပြုလုပ်သွားတော့မည်ဖြစ်ပြီး ယင်းတံတားမှာ ကူးသန်းသွားလာခွင့်ရလျှင် ဒေသအတွက် အများကြီးအကျိုးဖြစ်ထွန်းလာနိုင်သည်ဟု ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

By Admin 26 Dec 2022

ဂွ-မန်ကျည်းငူတံတားမှ ကူးသန်းသွားလာခွင့်ရလျှင် ဒေသအတွက် အကျိုးဖြစ်ထွန်းလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များပြော

ဂွ-မန်ကျည်းငူတံတားအား တွေ့ရစဉ်(ဓါတ်ပုံ - Facebook)

DMG | ဒီဇင်ဘာ၂၆

ရခိုင်ပြည်၊ ဂွမြို့နှင့် ဧရာဝတီတိုင်းဒေသရှိ မန်ကျည်းငူကျေးရွာတို့ကို ဆက်သွယ်ထားသည့် ဂွချောင်းကူးတံတားမှာ ယခု ဒီဇင်ဘာလအတွင်း တံတားဖွင့်ပွဲပြုလုပ်သွားတော့မည်ဖြစ်ပြီး ယင်းတံတားမှာ ကူးသန်းသွားလာခွင့်ရလျှင် ဒေသအတွက် အများကြီးအကျိုးဖြစ်ထွန်းလာနိုင်သည်ဟု ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

အဆိုပါတံတားသည် ရခိုင်ပြည်တစ်ခုတည်းသာမဟုတ်ဘဲ ဧရာဝတီတိုင်းရှိ မြို့နယ်အချို့အတွက်လည်း အပြန်အလှန် အကျိုးဖြစ်ထွန်းသွားမည်ဟု ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။

“ကုန်စည်စီးဆင်းမှု မြန်သွားတဲ့အတွက် ဧရာဝတီတိုင်းဘက်က ဈေးကွက်ထဲကို လွယ်လွယ်ကူကူ ပို့လို့ရသွားတဲ့ အလားအလာရှိတယ်။ နောက်တစ်ခါ ပြောင်းပြန်အနေနဲ့ ဒေသရဲ့ လိုအပ်ချက်တွေကို ဧရာဝတီတိုင်းထဲကနေပြီးတော့ ဂွတို့ ၊ သံတွဲဘက်တို့ကို ကုန်စည်စီးဆင်းမှု ပြန်ပြီးတော့ ဖြစ်လာမှာပေါ့။ ဒေသရဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းလာတဲ့အခြေနေပေါ်မှာ ဒေသရဲ့ကုန်ထုတ်လုပ်ငန်းတွေ၊ နောက်ဒေသရဲ့ လက်လီ၊ လက်ကား လုပ်ငန်းရှင်တွေက စနစ်တကျနဲ့ သေသေချာချာ အသုံးချနိုင်လို့ရှိရင် သူတို့အတွက် အကျိုးရှိသွားမယ့်အလားအလာတွေ အများကြီးရှိတယ်လို့ မြင်တယ်”ဟု ၎င်းကပြောသည်။

ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်များအနြေဖင့် လက်ရှိတည်ဆောက်ထားသည့် တံတားကို အသုံးပြုကာ စီးပွားရေးတိုးချဲ့လုပ်ကိုင်နိုင်သည့်အပေါ် မူတည်ပြီး အလားအလာကောင်းသွားမည်ဟုလည်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ရခိုင်မှထွက်ရှိသော အရည်အသွေးကောင်းသည့် ရက္ကန်းထည်များကိုလည်း ယင်းလမ်းခရီးမှ ပြည်မဘက်သို့ အချိန်မကြန့်ကြာဘဲ ဖြန့်ဖြူးရောင်းချနိုင်သွားတော့မည်ဟု ရွှေကျားရက္ကန်းလုပ်ငန်းပိုင်ရှင် ဒေါ်မအေးက ပြောသည်။

“ဒေသဖွံ့ဖြိုးရေးက အခုအခြေနေထက် ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ ဂွကနေပြီး ဧရာဝတီတိုင်းကို၊ ရန်ကုန်ကို သွားချင်တယ်ဆိုရင် ဒီရခိုင်ရိုးမကြီးကို ဖြတ်ရသေးတယ်လေ။ အခုဆိုရင် ဖြတ်စရာမလိုတော့ဘဲ ဂွကနေပြီး ဟိုဘက်ကမ်းကို တံတားလေးကူးလိုက်ရုံနဲ့ ဧရာဝတီတိုင်းကိုရောက်သွားပြီဆိုတော့ ပိုပြီး လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေလည်း မြန်ဆန်လာနိုင်တယ်ပေါ့”ဟု ၎င်းကပြောသည်။

မန်ကျည်းငူဒေသမှ ဒေသခံများမှာလည်း ကျန်းမာရေးနှင့် ပညာရေးတို့အတွက် ဂွမြို့ဘက်ကို မှီခိုနေကြရပြီး ရခိုင်ဘက်မှ မန်ကျည်းငူဒေသဘက်သို့ တင်ပို့လျှက်ရှိသည့် အုန်းသီး၊ ငါးခြောက်၊ ဓနိ စသည့် ဂွဒေသမှထွက်ရှိသော ကုန်ပစ္စည်းများမှာလည်း အဆိုပါတံတားတည်ဆောက်လိုက်သည့်အတွက် ကြန့်ကြာမှုမရှိဘဲ တင်ပို့နိုင်တော့မည်ဟု ဂွမြို့မှ မြို့မိမြို့ဖတစ်ဦးက ပြောသည်။

“အဲဒီ ဧရာဝတီဘက်ခြမ်းက ကျန်းမာရေး၊ ပညာရေးကအစ ဒီဘက်ကို မှီခိုကြတာ။ အဲဒီဘက်က ကျောင်းသားတွေက ဒီဘက်မှာ ကျောင်းလာတက်ကြတာ။ အဲဒီဘက်က အရမ်းခေါင်တယ်လေ။ အခုဆိုရင် အကုန်လုံးအဆင်ပြေသွားမယ်ပေါ့။ ဒေသခံပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ပွင့်လာမယ်။ နောက်တစ်ခါ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်ဆိုရင် ဒေသခံတွေအတွေအတွက် အများကြီး အဆင်ပြေသွားမယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးသည့်အတွက် ဒေသခံလူငယ်များမှာ ပြည်ပထွက်ခွာမှုများ အဆက်မပြတ်ရှိနေပြီး လက်ရှိ ဂွ-မန်ကျည်းငူတံတား တည်ဆောက်လိုက်သည့်အတွက် ဂွဒေသခံများအနေဖြင့် မိမိဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုရှိသွားသည်မှာ အဆိုးထဲမှ အကောင်းတစ်ခုဖြစ်သည်ဟု ရခိုင်ဒေသခံများက ပြောသည်။

အဆိုပါ ဂွချောင်းကူးတံတားမှာ အရှည် ပေ ၁၃၂၀၊ ယာဉ်သွားလမ်းအကျယ် ၃ ပေ စုစုပေါင်းတံတားအကျယ် ပေ ၃၀ ရှိပြီး ရေလမ်းကင်းလွတ် အမြင့် ပေ ၂၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေရှိမည်ဖြစ်ကာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၇၅ တန်အထိ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းတံတားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ခွင့်ပြုချက် ရံပုံငွေ ကျပ်သန်း ၅၀၀၊ ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုချက် ရံပုံငွေ ကျပ်သန်း ၂၀၀၀ တို့ဖြင့် တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၈) မှ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ထိုတံတားပြီးမြောက်ပါက မန်ကျည်းငူ၊ ကျောက်ချွန်စသည့် ကျေးရွာများမှ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် သွားလာရေးပိုမိုအဆင်ပြေလာစေမည့်အပြင် ကျောက်ချွန်ကျေးရွာမှတဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပေါက်လှချိုင်ကျေးရွာ၊ ထိုမှတဆင့် ငရုတ်ကောင်း-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-ဝက်သေ-မကျီးစင်ကျေးရွာများအထိ သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ