ရခိုင်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် လူမှုကူညီရေးအသင်းအချို့ လုပ်ငန်းရပ်နား  

“စက်သုံးဆီရှာမရလို့ လောလောဆယ် အရေးပေါ်လူမှုကူညီရေးတွေကို ရပ်တန့်ထားရတယ်။ ဒါပေမဲ့ လူနာရှင်တွေဖက်က စက်သုံးဆီပေးနိုင်ရင်တော့ ကူညီမှုပေးသွားမှာဖြစ်တယ်” 

By Admin 02 Dec 2023

ဓာတ်ပုံ -  ပုဏ္ဏားကျွန်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(PDYO)
ဓာတ်ပုံ -  ပုဏ္ဏားကျွန်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(PDYO)

DMG ၊ ဒီဇင်ဘာ ၂ 

စစ်ကောင်စီကလမ်းပိတ်ဆို့ထားမှုကြောင့် ရခိုင်ပြည်တွင် စက်သုံးဆီပြတ်လပ်နေပြီး လူမှုကူညီရေးအသင်းအချို့မှာ လုပ်ငန်း ယာယီရပ်နားရသည်အထိ ရှိလာနေသည်။ 

စက်သုံးဆီပြတ်လပ်သွားပြီဖြစ်၍ အရေးပေါ်ကိစ္စများတွင် ကားဖြင့် ကူညီပို့ဆောင်ပေးရန် အခက်အခဲရှိလာသဖြင့် လူမှုကူညီရေးလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်မှစကာ ယာယီရပ်နားလိုက်ကြောင်း ပုဏ္ဏားကျွန်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(PDYO)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။  

“စက်သုံးဆီရှာမရလို့ လောလောဆယ် အရေးပေါ်လူမှုကူညီရေးတွေကို ရပ်တန့်ထားရတယ်။ ဒါပေမဲ့ လူနာရှင်တွေဖက်က စက်သုံးဆီပေးနိုင်ရင်တော့ ကူညီမှုပေးသွားမှာဖြစ်တယ်” ဟု သူက ပြောသည်။ 

အလားတူ ပုဏ္ဏားကျွန်းမြို့အခြေစိုက် “ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း” လူမှုကူညီရေးအသင်းမှာလည်း စက်သုံးဆီပြတ်လပ်မှုကြောင့် လူမှုကူညီရေးလုပ်ငန်းများကို ဒီဇင်ဘာလ ၁ ရက်မှစပြီး ယာယီရပ်နားလိုက်သည်။ 

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ရခိုင်ပြည်အနှံ့တွင် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး လူမှုကူညီရေးအသင်းများမှာလည်း လုပ်ငန်းရပ်နားရမည့်အရေးနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။ 

ကျောက်တော်မြို့အခြေစိုက် ဖြူစင်မေတ္တာပရဟိတအသင်းဥက္ကဌ ဦးညီပုက “စက်သုံးဆီက ကျနော်တို့မြို့မှာလည်း ဝယ်လို့မရတော့ဘူး။ အခု ကားမှာဖြည့်ထားတဲ့ဆီလောက်နဲ့ပဲ လူမှုကူညီရေးတွေ လုပ်နေကြရတယ်။ အဲဒီဆီသာကုန်သွားရင် လုပ်ငန်းရပ်နားထားရတော့မှာ” ဟု ပြောသည်။ 

မြောက်ဦးမြို့အခြေစိုက် ကရုဏာလှိုင်းသွေးလှူရှင်အသင်းတွင်လည်း လက်ကျန်စက်သုံးဆီ အနည်းငယ်ဖြင့် လုပ်ငန်းလည်ပတ်နေရပြီး ဆီပြတ်တောက်သွားပါက လုပ်နင်းရပ်နားရတော့မည်ဖြစ်ကြောင်း သိရသည်။ 

ရခိုင်ပြည်အတွင်းက လူမှုကူညီရေးအသင်းများမှာ သာရေး/နာရေးအပါအဝင် ပြည်သူများ၏ နေ့စဉ်လူမှုဘဝ ကိစ္စရပ်များတွင် ကူညီပေးနေကြခြင်းဖြစ်သည်။ ထို့ကြောင့် လူမှုကူညီရေးအသင်းများသာ ရပ်တန့်သွားပါက ပြည်သူများ၊ အထူးသဖြင့် တိုက်ပွဲကာလအတွင်း အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများစွာ ရှိလာမည်ကို စိုးရိမ်နေကြသည်။ 

“ဆီပြတ်တောက်မှုကြောင့် အရေးပေါ်ကူညီရေးအသင်းတွေ လုပ်ငန်းရပ်နားထားရတာက တော်တော်လေးကို စိုးရိမ်စရာ ဖြစ်လာနိုင်တယ်။ ဒီကာလမှာ အရေးပေါ်လူနာတင်ယာဥ်တွေ အလုပ်မလုပ်နိုင်ရင် ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှုက တိုးလာဖို့ပဲရှိတယ်” ဟု ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များအနေဖြင့် လူမှုကူညီရေးအသင်းများ ဆက်လက်လည်ပတ်နိုင်အောင် တတ်နိုင်သည့်ဖက်မှ ပူးပေါင်းကူညီမှုများ လုပ်ဆောင်ပေးကြရန် သူက တိုက်တွန်းသည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသဖြင့် စားသောက်ကုန်၊ ဆေးဝါးနှင့် စက်သုံးဆီ ပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။ 

#D007 #DMG

ဗီဒီယိုများ