ဟော့ဒေါ့အများအပြားတွင် အက်ဆစ်ဓာတ်ပါဝင်နေ၍ မစားသုံးသင့်ကြောင်း FDA ထုတ်ပြန်

ရခိုင်ပြည်နယ်ဈေးကွက်တွင် အသားလုံး၊ အသားချောင်း(ဟော့ဒေါ့)များ၌ လူကိုဘေးဥပါဒ်ဖြစ်စေသည့် (Benzoic Acid)ပါဝင်နေသည်ကိုစစ်ဆေးတွေ့ရှိရပြီး စားသုံးရန်မသင့်ကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထုတ်ပြန်ထားသည်။

29 Mar 2022

DMG ၊ မတ် ၂၉

ရခိုင်ပြည်နယ်ဈေးကွက်တွင် အသားလုံး၊ အသားချောင်း(ဟော့ဒေါ့)များ၌ လူကိုဘေးဥပါဒ်ဖြစ်စေသည့် (Benzoic Acid)ပါဝင်နေသည်ကိုစစ်ဆေးတွေ့ရှိရပြီး စားသုံးရန်မသင့်ကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထုတ်ပြန်ထားသည်။

ဈေးကွက်များအတွင်းရောင်းချလျက်ရှိသော အသားလုံး၊ အသားချောင်း (၂၁)မျိုးတွင် လူကိုဘေးဥပါဒ်ဖြစ်စေသည့် (Benzoic Acid)မှာ သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲထားပြီး၊ အဏုဇီဝသတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသည့်အတွက် ဘေးဥပါဒ်ဖြစ်စေသည်ဟု FDA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအစားအသောက်များကို စားသုံးမိပါက ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် လတ်တလောတွင် မျက်လုံးနှင့် အရေပြားယားယံခြင်း၊ ပျို့အန်ခြင်း၊ ခေါက်ကိုက်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်းတို့ကို ခံစားရနိုင်သည့်အပြင် ရေရှည်တွင် အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ၊ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါတို့ကိုလည်း ဖြစ်ပွားစေနိုင်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းသို့ ဘေးဥပါဒ်ဖြစ်စေနိုင်သည့်အတွက် ရောင်းချနေသည့်ဈေးသည်အများအနေဖြင့် ရောင်းချခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်ရောင်းနေပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ-၂၈(က)အရ ငွေဒဏ်သုံးသောင်းကျပ်အပြင် လိုအပ်ချက်အတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ပြည်နယ်တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်နိုင်လင်းက DMG ကိုပြောဆိုသည်။

“FDA ကတော့ ပထမဆုံးအကြိမ်အနေနဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးပြီ။ ရောင်းချသူတွေအများအပြားတွေ့ရတယ်။ သူတို့ကိုလည်းသတိပေးထားပြီးပြီ။ သူတို့ဘက်ကလည်း မရောင်းချဖို့ ခံဝန်လက်မှတ်တွေထိုးပြီသွားကြပြီ။ ဆိုတော့ စားသုံးသူတွေကိုအန္တရာယ်ဖြစ်နိုင်တဲ့ အစားအသောက်တွေကို ဆက်လက်ရောင်းချနေကြတယ်ဆိုရင်တော့ စားသုံးသူအမျိုးသားဥပဒေပုဒ်မ ၂၈ အရပေါ့နော်။ လိုအပ်ရင်လိုအပ်သလို FDA ဌာနဆိုင်ရာတွေက အရေးယူဆောင်ရွက်သွားမှာပါ”ဟု ၎င်းကဆိုသည်။

အမျိုးသားအစားအသောက်ဥပဒေပုဒ်မ-၂၈(က)အရ အရေးယူဆောင်ရွက်မည်ဟုဆိုသော်လည်း မည်သည့်အချိန်တွင် စတင်အရေးယူဆောင်ရွက်မည်ကို မသိရသေးပေ။

ရခိုင်ပြည် မြို့နယ်(၁၇)မြို့နယ်တွင် FDA ထောက်ခံချက်မပါသည့် အသားလုံး၊ အသားချောင်း စသည့်အစားအသောက်များကို အများအပြားရောင်းချလျက်ရှိသော်လည်း ၎င်းတို့ကိုကွင်းဆင်းစစ်ဆေးနိုင်ရန်အတွက် ဝန်ထမ်းအင်အားလုံလောက်မှုမရှိသည့်အတွက် မြို့နယ်တိုင်းအား ကွင်းဆင်းစစ်ဆေးခြင်းမလုပ်နိုင်သေးကြောင်း သိရသည်။

လက်ရှိမှာ စစ်တွေခရိုင်နှင့် သံတွဲခရိုင်တို့တွင်ကွင်းဆင်းစစ်ဆေးထားပြီး တခြားမြို့နယ်များတွင် ကွင်းဆင်းစစ်ဆေးနိုင်ခြင်းမရှိသည့်အတွက် ပူးပေါင်းဌာနဆိုင်ရာများအား အသိပေးစာများနှင့် အကြောင်းကြားထားသည်ဟုလည်း သိရသည်။

စစ်တွေဒေသခံ မမိုးမိုးက “အခုလို မစားသုံးသင့်တဲ့အစားအသောက်တွေကိုမရောင်းချဖို့ အစိုးရကလည်း ထိထိရောက်ရောက် တားမြစ်သင့်ပါတယ်။ မသိတဲ့သူတွေဆိုရင် အဲဒီအစားအသောက်တွေကို အများကြီးစားကြတယ်။ ကျမတို့လည်းစားပါတယ်။ ဒါပေမဲ့ အခုလိုသိသွားတော့မစားတော့ပါဘူး။ လုံးဝမရောင်းချဖို့ကိုတားမြစ်သင့်ပါတယ်”ဟု ပြောဆိုထားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ အသစ်ပြန်လည်ပြင်ဆင်ထားသောဥပဒေအရ အစားအသောက်များတွင် မြန်မာစာဖြင့် ပါဝင်သောပစ္စည်းများကိုဖော်ပြရမည်ဖြစ်ပြီး ထိုသို့မပါရှိပါက ထောက်ခံချက်မရရှိသော အစားအသောက်များဖြစ်သည်ဟုလည်း FDA က ပြောဆိုထားသည်။

ဗီဒီယိုများ