အင်းစိန်ထောင် ဗုံးပေါက်ကွဲမှု ထောင်ဝန်ထမ်းနှင့် ထောင်ဝင်စာလာတွေ့သူ (၈)ဦးသေဆုံး၊ (၁၃)ဦးဒဏ်ရာရ

အင်းစိန်ထောင်ဗူးဝရှေ့ ထောင်ဝင်စာ ပါဆယ်လက်ခံသည့်နေရာတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး တာဝန်ကျ အကျဉ်းဦးစီး တပ်သား ကျော်ဇင်ဦး၊ တပ်သား ခင်မိုးဝေနှင့် တပ်သား ပိုးအိဇံ တို့သုံးဦးမှာ မိုင်းစထိမှန် ဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသည့် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက ပြောသည်။

By Admin 19 Oct 2022

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှု ထောင်ဝန်ထမ်းနှင့် ထောင်ဝင်စာလာတွေ့သူ (၈)ဦးသေဆုံး၊ (၁၃)ဦးဒဏ်ရာရ

ယနေ့ အင်းစိန်အကျဉ်းထောင်ရှိ ထောင်ဝင်စာပေးပို့ရာနေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့။ ဓာတ်ပုံ- ပေးပို့

DMG ၊ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အင်းစိန်အကျဉ်းထောင်အတွင်း ယနေ့(အောက်တိုဘာလ ၁၉ ရက်) နံနက် ၉ နာရီ ခွဲကျော်အချိန်တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် ထောင်ဝန်ထမ်းနှင့် ထောင်ဝင်စာလာတွေ့သူအပါအဝင် (၈)ဦး သေဆုံးခဲ့ကာ (၁၃)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

အင်းစိန်ထောင်ဗူးဝရှေ့ ထောင်ဝင်စာ ပါဆယ်လက်ခံသည့်နေရာတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး တာဝန်ကျ အကျဉ်းဦးစီး တပ်သား ကျော်ဇင်ဦး၊ တပ်သား ခင်မိုးဝေနှင့် တပ်သား ပိုးအိဇံ တို့သုံးဦးမှာ မိုင်းစထိမှန် ဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသည့် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက ပြောသည်။

“ထောင်ဝင်စာပါဆယ်တွေ လက်ခံတဲ့နေရာမှာပဲ ဗုံးထပေါက်တာ။ အဲမှာ တာဝန်ကျနေတဲ့ဝန်ထမ်းသုံးဦးက မိုင်းစထိမှန်ဒဏ်ရာတွေရရှိပြီးတော့ သေတယ်။ ထောင်ဝင်စာ လာပို့တဲ့သူတွေလည်း ထိသွားတာရှိပါတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝင်စာလာပို့သူများထဲမှ အမျိုးသမီး (၅)ဦးမှာ ထိခိုက်သေဆုံးခဲ့ပြီး ထောင်ဝင်စာ လာတွေ့သူ ၁၃ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ မြို့ခံများထံမှ သိရသည်။

“ဗုံးပေါက်တဲ့ အသံကြားပြီးတော့ မကြာဘူး ထောင်ဝင်စာလာတွေ့တဲ့ သူတွေထဲက အမျိုးသမီး (၅)ဦးလည်း အသက်ဆုံးရှုံးတယ်။ ၁၃ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်”ဟု မျက်မြင်တွေ့ရှိရသူတစ်ဦးက ဆိုသည်။

အဆိုပါ သေဆုံးမှုအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ ကျောင်းသား ခေါင်းဆောင်ဟောင်းဖြစ်သူ ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်၏ မိခင် ဒေါ်ကြီးမြင့်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

“ရုံးချိန်းက ဒီနေ့မှာရှိလို့ ကိုဂျိမ်းစ်အမေက ထမင်းဗူးလာပို့တာ။ ဗုံးပေါက်သွားပြီးတော့ ဖုန်းနဲ့လှမ်းခေါ်တာ မရတော့လို့ စုံစမ်းကြည့်မှ သေသွားတယ်ဆိုတာ အတည်ပြုခဲ့ ရပါတယ်”ဟု ကိုဂျိမ်းနှင့်နီးစပ်သူ မိသားစုဝင်တစ်ဦးက အတည်ပြုပြောသည်။

ကိုဂျိမ်းစ်မှာ ဗကသ ဗဟိုကော်မတီဝင်ဟောင်းနှင့် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်မြို့၌ ဖမ်းဆီးခံခဲ့ရပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အင်းစိန်ထောင်တွင် တရားရင်ဆိုင်နေရသည်။

အင်းစိန်ထောင်အတွင်း ဗုံးပေါက်ကွဲမှုနှင့်ပက်သက်ပြီး မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရသေးပေ။ ပေါက်ကွဲမှုကြောင့် လက်ရှိအချိန်အထိ အကျဉ်းထောင်အနီးတဝိုက်သို့ စစ်တပ်နှင့် ရဲမှ စစ်ဆေးရေး တင်းကြပ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လမှ စက်တင်ဘာလအထိ အင်းစိန်အကျဉ်းထောင် အနီးတဝိုက်နှင့် ဝန်ထမ်းအိမ်ရာတို့တွင် ဗုံးပေါက်ကွဲမှုများမှာ မကြာခနဖြစ်ပွားခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်း (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဗီဒီယိုများ