ရိက္ခာရပ်ဆိုင်းမှု တစ်နှစ်ခန့်ကြာပြီးမှ စစ်တွေရှိ စစ်ဘေးရှောင်စခန်းနှစ်ခုကို စစ်ကောင်စီက ဆန်နှင့်ပစ္စည်းအချို့ ထောက်ပံ့

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအား စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းထားသည်မှာ တစ်နှစ်ခန့်ရှိလာပြီဖြစ်သည်။

By Admin 09 May 2023

မေလ ၈ ရက်နေ့က စစ်ဘေးရှောင်များအား စစ်ကောင်စီ၏ ရိက္ခာအချို့ထောက်ပံ့ပေးမှုအား တွေ့ရစဉ်။ ဓာတ်ပုံ - သိကြားစေချင်ငွေသဇင် (Facebook)
မေလ ၈ ရက်နေ့က စစ်ဘေးရှောင်များအား စစ်ကောင်စီ၏ ရိက္ခာအချို့ထောက်ပံ့ပေးမှုအား တွေ့ရစဉ်။ ဓာတ်ပုံ - သိကြားစေချင်ငွေသဇင် (Facebook)

DMG ၊ မေ ၉

စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းနှစ်ခုမှ စစ်ဘေးရှောင်များအား ဆန်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့က အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးခဲ့သည်။

အလိုတော်ပြည့် နှင့် ဗုဒ္ဓေါမော် ဘုန်းကြီးကျောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအတွက် ဆန်အပါအဝင် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်၊ ခြင်ထောင်၊ စောင်၊ ထဘီ စသည့် အသုံးအဆောင်ပစ္စည်းများကို မေလ ၈ ရက်နေ့က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

“ဆန်တွေ၊ တခြားအသုံးအဆောင်တချို့ရကြတယ်။ မလောက်ငှပေမယ့် မျှဝေပြီး ယူကြရတယ်။ သူတို့(စစ်ကောင်စီ)ဆီက ထောက်ပံ့မှုတွေ မရတာလည်း ကြာပြီလေ။ လူကယ်ပြန်က အရင်ကပေးတယ်၊ မရတာကြာပြီ” ဟု ဗုဒ္ဓေါမော်ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းနေ ဒေါ်သိန်းနုက ပြောသည်။

အိမ်ထောင်စု ၁၀၉ စုနှင့် လူဦးရေ ၃၉၅ ဦးရှိသည့် ဗုဒ္ဓေါမော် စစ်ဘေးရှောင်စခန်းအတွက် ဆန် ၇၆ အိတ်နှင့် ကျောင်းသုံးစာအုပ်၊ ခြင်ထောင်၊ စောင်၊ ထဘီ စသည့် အသုံးအဆောင်ပစ္စည်း ၁၅ မျိုးထည့်ထားသည့် ပလတ်စတစ်ဗူး ၅၉ ဗူးကို စစ်ကောင်စီက ပေးအပ်ခဲ့သည်။

ဗုဒ္ဓေါမော်စစ်ဘေးရှောင်စခန်းနေ ဦးမောင်အေးကျော်က “သူတို့ထောက်ပံ့ပေးတာနဲ့ ရှိတဲ့အိမ်ထောင်စုနဲ့ မမျှဘူး။ ဒါပေမယ့်လည်း မျှပြီးယူကြရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ မိုးတွင်းကာလမရောက်ခင်လည်း စားဝတ်နေရေးနဲ့ပတ်သက်ပြီး နည်းနည်းဖြေရှင်းပေးသွားမယ်လို့ ပြောခဲ့တယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအား စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းထားသည်မှာ တစ်နှစ်ခန့်ရှိလာပြီဖြစ်သည်။

“လူကယ်ပြန်က မထောက်ပံ့တာ ပြီးခဲ့နှစ် ငါးလပိုင်းလောက်ကဖြစ်မယ်။ အခုမှ ပထမဆုံး ထောက်ပံ့ပေးတာပေါ့။ စစ်တွေက ဒီစခန်းနှစ်ခုကိုပဲပေးတာလို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီးတော့ ဘာမှပြောခဲ့တာ မရှိဘူး” ဟု အလိုတော်ပြည့်ဘုန်းကြီးကျောင်းနေ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ အလိုတော်ပြည့်ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၈ စုနှင့် လူဦးရေ ၂၃၀ ဦးခန့်ရှိသည်။

စစ်တွေမြို့ရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီက ထောက်ပံ့မှုများပြုလုပ်လာခြင်းမှာ နိုင်ငံတကာတွင် မျက်နှာရချင်၍ ဟန်ပြလုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသူ မြောက်ဦးမြို့က မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက ဝေဖန်သည်။

“အခု အိန္ဒိယနဲ့ စစ်တွေကို ဆက်သွယ်ဖို့အတွက် ဆိပ်ကမ်းဖွင့်ခါနီးမှ စစ်ဘေးရှောင်တွေကို ကူညီပေးတာဆိုတော့ နိုင်ငံတကာကို မျက်နှာလိုမျက်နှာရလုပ်တာ၊ ဟန်ပြပေးတဲ့သဘောပဲ။ ပြီးတော့ စစ်ဘေးရှောင်တွေ အများကြီးထဲကမှ ဒီစခန်းနှစ်ခုတည်းကို ပေးတယ်ဆိုတာ မဖြစ်သင့်ဘူး” ဟု ဆရာတော်က မိန့်သည်။

ယနေ့ မေလ ၉ ရက် နံနက်ပိုင်းက စစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားဆိပ်ကမ်းကြား ကုန်သွယ်မှုစတင်နိုင်ရန် အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် စစ်ကောင်စီဝန်ကြီးများက စစ်တွေရေနက်ဆိပ်ကမ်းသစ်ဖွင့်ပွဲကို ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၇၈,၀၉၀ ဦး ကျန်ရှိနေသေးကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က မေလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ဘေးရှောင်များမှာ စစ်ကောင်စီထံက ထောက်ပံ့မှုမရရှိခြင်း၊ အလှူရှင်များ၏ထောက်ပံ့မှုများ လျော့နည်းလာခြင်းတို့ကြောင့် စားဝတ်နေရေးခက်ခဲနေကြပြီး လုံခြုံရေးအာမခံချက်မရှိခြင်း၊ မိုင်းအန္တရာယ်တို့ကြောင့် ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးပေ။

#R005

ဗီဒီယိုများ