- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ခလရ ၃၆ တပ်ရင်း တိုက်ခိုက်ခံရပြီးနောက် တောင်ငူ - မန္တလေးလမ်းကို စစ်ကောင်စီ ပိတ်ထား
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က ခလရ - ၃၆ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။ ယင်းနောက် နိုဝင်ဘာလ ၂၀ ရက်ကစပြီး လမ်းများကို ပိတ်လိုက်ခြင်း ဖြစ်သည်။
22 Nov 2023

DMG ၊ နိုဝင်ဘာ ၂၂
ပဲခူးတိုင်း၊ တောင်ငူမြို့ ခလရ - ၃၆ တပ်ရင်းကို ကရင် KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီးနောက် တောင်ငူ-နေပြည်တော်-မန္တလေးလမ်းနှင့် တောင်ငူ-သံတောင်ကြီး-လိပ်သိုလ်လမ်းပိုင်းကို စစ်ကောင်စီက သွားလာခွင့်ပိတ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က ခလရ - ၃၆ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။ ယင်းနောက် နိုဝင်ဘာလ ၂၀ ရက်ကစပြီး လမ်းများကို ပိတ်လိုက်ခြင်း ဖြစ်သည်။
တောင်ငူမြို့ခံတစ်ဦးက “တောင်ငူ- မန္တလေးလမ်းနဲ့ တောင်ငူ-သံတောင်ကြီး လမ်းပိုင်းကို စစ်ကောင်စီတပ်က သွားခွင့်မပေးတော့ဘူး။ တောင်ငူကနေထွက်မယ့် ခရီးသည်ယာဉ်တွေ၊ ကုန်ကားတွေ မြို့ထဲဝင်မယ့် ယာဉ်တွေမှန်သမျှ အကုန်အစစ်ခံနေရတယ်။ မြို့အဝင်အထွက်နေရာတွေမှာ ပိတ်မိနေကြပြီ” ဟု ပြောသည်။
ထို့အပြင် တောင်ငူမြို့တွင်းရှိ သံတောင်လမ်း၊ စစ်တောင်းတံတားကိုလည်း တောင်ငူအခြေစိုက် ခလရ-၂၆ က ဖြတ်သန်းခွင့်ပိတ်ပင်ထားသဖြင့် မြို့ခံများမှာ အခက်အခဲဖြစ်နေကြောင်း သိရသည်။
“အခု စစ်တောင်းတံတားကိုပါ သွားခွင့်မပေးတော့ ဒုက္ခရောက်နေပြီ။ စက်လှေတွေနဲ့ပဲ ကမ်းကူးနေရတယ်။ တံတားကို ဂိတ်ပုံစံ ပိတ်ထားပြီးတော့ ပစ်မိန့်ပါပေးထားတာ။ ရက်ကြာလာရင်တော့ မလွယ်လောက်ဘူး” ဟု တောင်ငူမြို့အမှတ် (၂၃) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ခလရ- ၃၆ တပ်ရင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၅ မိုင်၊ စပါးလင်ကုန်း၊ ကယားပြုံးချာင်း စသည့် ကျေးရွာတို့မှ ဒေသခံ ၃,၀၀၀ ကျော်မှာ ကရင်ပြည်နယ်၊ သံတောင်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ရွာဘက်ကို လေယာဉ်နဲ့ရော လက်နက်ကြီးနဲ့ပါပစ်ခံရတော့ ကျောက်တိုင်ရွာဘက် ပြေးနေရတယ်။ ကရင်ပြည်နယ်၊ သံတောင်မြို့ဘက် ပြေးတဲ့သူတွေလည်းရှိတယ်” ဟု ထွက်ပြေးနေသည့် ၅ မိုင်ကျေးရွာသား တစ်ဦးကပြောသည်။
လက်ရှိမှာ တောင်ငူမြို့တွင်းသို့ KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းထွက်နေသဖြင့် ခရိုင်ထွေအုပ်ရုံး၊ တောင်ငူအကျဉ်းထောင်နှင့် ဆေးရုံအနီးတို့တွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် လုံခြုံရေး တင်းကျပ်ထားကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံက သိရသည်။
#D013 #DMG