ကမန် အထက်တန်းကျောင်းသားများ စစ်တွေမြို့ပေါ်ကျောင်းများတွင် ပညာသင်ခွင့် အခက်ဖြစ်နေ

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ကမန်ကျေးရွာများမှ အထက်တန်းကျောင်းသား/သူ ၅၀ ခန့်မှာ စစ်တွေမြို့ပေါ်ရှိ ကျောင်းများတွင် ကျောင်းအပ်နှံရာတွင် အခက်အခဲရှိနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

By Admin 10 Jun 2023

 ၂၀၁၇ ခုနှစ်က အခမ်းအနားတစ်ခုတွင်တွေ့ရသော စစ်တွေမြို့နယ်မှ ကမန်ကျောင်းသားလူငယ်များ။
၂၀၁၇ ခုနှစ်က အခမ်းအနားတစ်ခုတွင်တွေ့ရသော စစ်တွေမြို့နယ်မှ ကမန်ကျောင်းသားလူငယ်များ။

DMG ၊ ဇွန် ၁၀

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ကမန်ကျေးရွာများမှ အထက်တန်းကျောင်းသား/သူ ၅၀ ခန့်မှာ စစ်တွေမြို့ပေါ်ရှိ ကျောင်းများတွင် ကျောင်းအပ်နှံရာတွင် အခက်အခဲရှိနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

သာယာကုန်း၊ သင်္ဂနက်၊ သက္ကယ်ပြင်(ရွာမ) ကျေးရွာနေ Grade 10 မှ Grade 12 ထိ ကမန်ကျောင်းသားများမှာ ဇွန် ၁ ရက်နှင့် ၅ ရက်နေ့က စစ်တွေမြို့ အ.ထ.က (၁) နှင့် အ.ထ.က (၄) တွင် ကျောင်းအပ်နှံရန်သွားရောက်ခဲ့ရာ ကျောင်းတာဝန်ရှိသူတို့က ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်လိုသည်ဟုဆိုကာ လက်မခံကြောင်း ကျောင်းသားမိဘများက ပြောသည်။

သင်္ဂနက်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက “ပထမတော့ မြို့ထဲကျောင်းတွေမှာ ကျောင်းအပ်လက်ခံမယ်လို့ ပြောတယ်။ ကျောင်းထွက်လက်မှတ်တွေနဲ့သွားလိုက်မှ ပြည်နယ်အစိုးရခွင့်ပြုချက် လိုအပ်မယ်၊ ထောက်ခံချက်တွေလိုမယ်၊ စာသင်ကျောင်းမှာ ကျောင်းသားတွေ ပြည့်နေတယ်၊ အဆောင်တွေပျက်စီးနေတယ် ဆိုတဲ့အကြောင်းပြချက်တွေ အမျိုးမျိုးပေးပါတယ်” ဟု ပြောသည်။

အဆိုပါကျောင်းသားများမှာ ပြီးခဲ့သည့်နှစ်များက သာယာကုန်းကျေးရွာရှိ တွဲဖက်အထက်တန်းကျောင်းနှင့် တပ်နယ်မြေရှိ အလက (၉) တွင် ပညာသင်ကြားခဲ့သော်လည်း ယခုနှစ်တွင် ယင်းကျောင်းများ၌ ဆရာ၊ဆရာမ မလုံလောက်ခြင်းနှင့် တွဲဖက်အဆင့်သာ ရှိခြင်းတို့ကြောင့် မြို့ပေါ်အထက်တန်းကျောင်းများသို့ ပြောင်းရွေ့သင်ကြားရန် ကြိုးစားလာကြခြင်းဖြစ်သည်။

သက္ကယ်ပြင်(ရွာမ)ကျေးရွာမှ ကျောင်းသားမိဘ ဦးကျော်ရင်ဦးက “မနှစ်ကတော့ အလက ၉ ကျောင်းမှာ အထက်တန်းကို အခန်းတွဲပြီးတက်ခဲ့တယ်။ ဒါပေမယ့် အလယ်တန်းကျောင်းမှာ တွဲဖက်အထက်တန်းပညာ သင်ကြားရတာက အဆင်မပြေဘူး။ စနစ်သစ်မှာ လက်တွေ့သင်ကြားရတာလည်း ပါတယ်။ အဲဒါတွေလည်း ဘာမှမရှိဘူး။ ဆရာ/မလည်း လုံလုံလောက်လောက် မရှိဘူး။ ကျနော်တို့ သားသမီးတွေကို ပညာရေးဘက်မှာ ဆက်ပြီး မဆုံးရှုံးစေချင်တော့ဘူး” ဟု ပြောသည်။

အခြေခံပညာကျောင်းများတွင် အကြောင်းပြချက်အမျိုးမျိုးဖြင့် ကမန်တိုင်းရင်းသားများအား စာသင်ကြားခွင့်ကန့်သတ်ခြင်းမှာ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်းဟု ကမန်နိုင်ငံရေးသမားများက ဝေဖန်ကြသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက “(ဒါတွေက) နိုင်ငံသားဥပဒေနဲ့ပဲပြောပြော၊ တိုင်းရင်းသား အခွင့်ရေးနဲ့ပဲပြောပြော ဆုံးရှုံးခံနေရတယ်။ ခွဲခြားဆက်ဆံခံနေရတာလို့ပဲ ပြောချင်တယ်။ ဒီကျောင်းသားတွေဟာ စာသင်ကြားဖို့အတွက်ပဲ လာကြတာဖြစ်တဲ့အတွက် သူတို့ကို ခွင့်ပြုပေးသင့်တယ်” ဟု ပြောသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂကလည်း ကမန်ကျောင်းသားများ ကျောင်းတက်ခွင့်ကန့်သတ်ခံရခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်းနှင့် လွတ်လပ်စွာကျောင်းတက်ခွင့် ရရှိရေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

“ကျောင်းတက်ခွင့်ဆိုတာ ကျောင်းသားတိုင်းမှာ ရှိသင့်တယ်။ ကမန်ဆိုတာလည်း ရခိုင်ပြည်မှာနေတဲ့သူတွေဖြစ်တယ်။ အခုက ကမန်ကျောင်းသားတွေကို လက်လွတ်စပယ်လုပ်နေတာဖြစ်တယ်။ ဒီအပေါ်မှာ ကျနော်တို့ကတော့ လုံးဝနောက်မဆုတ်ဘဲ ကမန်ကလေးတွေ ကျောင်းတက်ခွင့်ရအောင် ရှေ့ဆက်လုပ်ဆောင်သွားမှာပါ” ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ကမန်ကျောင်းသားများကို ပညာသင်ကြားခွင့် ကန့်သတ်ထားခြင်းမရှိဘဲ လက်ရှိမှာ မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်များကို ပြုပြင်နေရသည့်အတွက် ကြန့်ကြာမှုတချို့ရှိနေခြင်းဟု ပြောသည်။

“ပညာသင်ကြားခွင့်ကိုတော့ ကျနော်တို့ပေးထားပါတယ်။ ဟိုမှာမတက်ရ၊ ဒီမှာမတက်ရ ဆိုပြီး ကန့်သတ်ထားတာတော့ မရှိဘူး။ အခုချက်ချင်း မလုပ်ပေးနိုင်တာက မုန်တိုင်းကြောင့်ကျောင်းတွေပျက်စီးသွားလို့ အလုပ်များနေလို့။ ကျောင်းအသီးသီးမှာ သွင်းပေးဖို့ လုပ်နေကြပါတယ်။ အထက ၄ မှာက ကျောင်းသားမဆံ့တာလည်း ရှိတယ် ” ဟု ဦးဘထွီးစိန်က DMG ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က လူမျိုးရေးပဋိက္ခဖြစ်ပွားပြီးနောက် စစ်တွေမြို့နယ်က ကမန်ကျောင်းသားအချို့မှာ ပညာသင်ကြားရန် ကျောင်းအခက်ခဲနှင့် တခြားအကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ခဲ့ရသူများလည်း ရှိသည်။

#R010

ဗီဒီယိုများ