ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာ ၇ ရွာကို ဖောက်လုပ်ထားသည့် ကျောက်ချောလမ်းပျက်စီးနေမှုကြောင့် ကျေးရွာဒေသခံများ သွားလာရေးခက်ခဲနေ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်း၊ ပဒေသာ၊ တန်းခိုး၊ အောင်ဒူလာ၊ ညောင်ပင်ဝိုင်း၊ အိုင်ဒင်၊ ကျွဲထိုးစတဲ့ ကျေးရွာတွေကို ဆက်သွယ်ဖောက်လုပ်ထားသော ကျောက်ချောလမ်းပျက်စီးနေမှုမှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနတွေက ပြုပြင်ပေးဖို့ ဒေသခံများက တောင်းဆိုနေကြသည်။

By Admin 26 Dec 2022

ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာ ၇ ရွာကို ဖောက်လုပ်ထားသည့် ကျောက်ချောလမ်းပျက်စီးနေမှုကြောင့် ကျေးရွာဒေသခံများ သွားလာရေးခက်ခဲနေ

ကျွဲထိုးကျေးရွာနှင့် ရွာ ၆ ရွာ ဆက်သွယ်ထားသော လမ်းအားတွေ့ရစဉ်

DMG | ဒီဇင်ဘာ ၂၆

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်း၊ ပဒေသာ၊ တန်းခိုး၊ အောင်ဒူလာ၊ ညောင်ပင်ဝိုင်း၊ အိုင်ဒင်၊ ကျွဲထိုးစတဲ့ ကျေးရွာတွေကို ဆက်သွယ်ဖောက်လုပ်ထားသော ကျောက်ချောလမ်းပျက်စီးနေမှုမှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနတွေက ပြုပြင်ပေးဖို့ ဒေသခံများက တောင်းဆိုနေကြသည်။

ကျောက်ချောလမ်းသည် လမ်း၏ အောက်ခြေ၊ ဘေးနှစ်ဘက်တွင် မာကြောသည့်ကျောက်အမဲများကို ခင်းပြီး သွားလာလမ်းတစ်လျှောက်မှာ မြေသားတွေကို ခင်းထားသည့် လမ်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းလမ်းသည် ၈ မိုင် ၂ ဖာလုံလောက်ရှည်လျားပြီး ပဒေသာကျေးရွာမှ ကျွဲထိုးကျေးရွာအထိ ၄ မိုင်ခန့်ကို ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် NLD အစိုးရ၊ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ခွင့်ပြုရံပုံငွေ ကျပ်သန်းပေါင်း ၃၃၂.၅၀ အကုန်ကျခံပြီး ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက တာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လမ်းပျက်စီးမှုရှိနေခြင်းသည် လေးနှစ်နီးပါးရှိနေပြီဖြစ်ပြီး ဒေသခံများသည် သွားလာရေးအခက်အခဲ များရှိနေကြောင်း ငှက်ကြီးကျွန်းကျေးရွာမှ ဘေးတွဲကယ်ရီသမားတစ်ဦးဖြစ်သည့် ကိုအောင်အောင်သန်းက ပြောသည်။

“ မိုးရာသီဆိုရင် ကျနော်တို့ ရွာနဲ့ ကျွဲထိုးရွာကို လုံးဝသွားလို့အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေတွေ တအားဝပ်တယ်။ လမ်းတွေကို မမြင်ရဘူး။ ဒီလမ်းပျက်နေတာက ၄ နှစ်လောက်ရှိပြီ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကျန်းမာရေးချို့တဲ့ တဲ့ သူတွေဆိုရင် သွားလို့လုံးဝအဆင်မပြေဘူး” ဟု ၎င်းက ပြောဆိုထားသည်။

အဆိုပါလမ်းကို ဖောက်လုပ်သည့်အခါတွင်လည်း လမ်းတစ်ဘက်တစ်ချက်က အထိန်းနံရံများကို ခိုင်မာအောင် မလုပ်ခဲ့သည့်အတွက် လမ်းပျက်စီးမှုများနှင့် ကြုံတွေနေရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကျောက်ချောလမ်းအဖြစ်မှ ကျောက်ကြမ်းလမ်းတစ်ခုကဲ့သို့ ဖြစ်နေကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

လမ်းခရီးသွားလာမှု ခက်ခဲနေရမှုကြားတွင် အထက်တန်းပညာကို သင်ကြားရမည့် ကျောင်းသူ/ ကျောင်းသားများသည်လည်း အခြေခံပညာအထက်တန်းကျောင်းရှိသော ကျွဲထိုးကျေးရွာကို သွားလာ၍ ပညာသင်ကြားနေရသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကျောင်းသားမိဘများ၏ ပြောဆိုချက်အရ သိရသည်။

“ အဲဒီလမ်းပျက်စီးနေတဲ့အတွက် ကျောင်းသား၊ သူတွေဆိုရင် ၈ နာရီမှာ သွားလို့ရတဲ့ ခရီးကို ၇ နာရီကတည်းက ကြိုတင်ပြီးတော့ သွားရတယ်။ ကျောင်းတက်လို့ရောက်လာရင်လည်း အချိန်နောက်ကျတဲ့အတွက် စာဖတ်ဖို့ ပုံမှန်အချိန်မရှိတော့ဘူး။ နာရီဝက်သွားရမယ့်ခရီးကို လမ်းပျက်စီးနေတဲ့အတွက် ၁ နာရီလောက်သွားနေရတယ်။ ကလေးတွေက စာလိုက်မမှီတော့ဘူး”ဟု ငှက်ကြီးကျွန်းကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးစောမောင်သိန်းက ပြောသည်။

လမ်းပျက်စီးနေပြီး တစ်ရွာနဲ့တစ်ရွာသွားလာရေးခက်ခဲနေမှုကြောင့် ယင်းကျေးရွာ ဒေသခံများသည် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများတွင် ခက်ခဲမှုများကြုံတွေ့နေရသည့်အတွက် ပြန်လည်ပြုပြင်ပေးဖို့ တောင်းဆိုနေကြခြင်းဖြစ်သည်။

အဆိုပါလမ်းကို ပြုပြင်သွားမည့်အခြေအနေနှင့် ပတ်သက်၍ လမ်းတံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ ယခုနှစ်တွင် ယင်းလမ်းကိုပြုပြင်ရန် ရံပုံငွေမပါဝင်သေးဘဲ လာမည့် ၂၀၂၃- ၂၀၂၄ ခုနှစ်တွင် ဘတ်ဂျတ်တင်ရန် တောင်းဆိုထားသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဗီဒီယိုများ