ရခိုင်တွင် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးသွားမည်ဟု စစ်ခေါင်းဆောင်ပြော

ရခိုင်ပြည်သို့ရောက်ရှိနေသော စစ်ကောင်စီဥက္ကဌသည် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့က ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဇူလိုင် ၁၀ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

By Admin 11 Jul 2023

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် ရသေ့တောင်မြို့ခံများနှင့် တွေ့ဆုံခဲ့သည့် စစ်ကောင်စီဥက္ကဌ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် ရသေ့တောင်မြို့ခံများနှင့် တွေ့ဆုံခဲ့သည့် စစ်ကောင်စီဥက္ကဌ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

DMG ၊ ဇူလိုင် ၁၁

ရခိုင်ပြည်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ရှိနေခြင်းကို အမြန်ဆုံး ဖြည့်ဆည်းပေးသွားမည်ဟု စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း စစ်ကောင်စီပိုင် မြန်မာအလင်းသတင်းစာတွင် ဖော်ပြသည်။

ရခိုင်ပြည်သို့ရောက်ရှိနေသော စစ်ကောင်စီဥက္ကဌသည် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့က ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဇူလိုင် ၁၀ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘူးသီးတောင်မြို့နယ်ဆေးရုံမှာ သားဖွားဆရာဝန်လိုအပ်ချက်ရှိမှု၊ မြို့နယ်အသီးသီးက တင်ပြချက်တွေအပေါ် မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်တွေကိုလည်း အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး စီမံပေးသွားမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရခိုင်တွင် ကျန်းမာရေးဝန်ထမ်း ဖြည့်ဆည်းပေးမည်ဟု ပြောဆိုချက်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ ဇော်ဇော်အောင်ကို DMG က ဆက်သွယ်နေသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဒေသအတွင်း အဓိကလိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးအနေဖြင့် ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း ဒေသခံများနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ဘူးသီးတောင်မြို့ ရပ်ကွက်(၆) အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က ပြောသည်။

“ကျနော်တို့ဘက်က ဆရာဝန်လိုအပ်ချက်တွေကို တင်ပြလိုက်တယ်။ အဲဒါကြောင့် လိုအပ်နေတဲ့ ခွဲစိတ်ဆရာဝန်နဲ့ သားဖွားဆရာဝန်ကို ဦးစားပေးအနေနဲ့ ဖြည့်ဆည်းပေးသွားမယ်လို့ ပြောခဲ့တယ်။ ချက်ချင်း မလုပ်ဆောင်နိုင်သေးပေမဲ့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဆရာဝန်ချပေးမဲ့နေ့ အတိအကျကိုတော့ မပြောခဲ့ဘူး” ဟု သူက ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် ခွဲစိတ်ဆရာဝန် မရှိသဖြင့် ခွဲစိတ်ကုသခြင်းနှင့် အရေးပေါ်ဆေးကုသမှု ခံယူရမည့် လူနာများမှာ မောင်တောမြို့ ပြည်သူ့ဆေးရုံနှင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးများတွင် သွားရောက်ဆေးကုသနေရသည်။

ရခိုင်ပြည်က မြို့နယ်အချို့တွင် ကျန်းမာရေးဝန်ထမ်း ဖြည့်ဆည်းပေးမည်ဟု စစ်ကောင်စီပြောဆိုခြင်းမှာ လက်တွေ့တွင် လုပ်ဆောင်မှု ရှိ/မရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရသေ့တောင်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “ကျနော်တို့ ရသေ့တောင်မြို့နယ်မှာ တိုက်နယ်ဆေးရုံတွေ ရှိပေမဲ့ ကျန်းမာရေး ဝန်ထမ်းတွေက မလုံလောက်ဘူး။ ရသေ့တောင်မြို့က ဆေးရုံတစ်ခုတည်းကိုပဲ အဓိက အားကိုးနေရတယ်။ အခြေခံလိုအပ်ချက်တွေ တစ်ခုမှ မပြည့်စုံဘူး။ အခုလည်း အပြောနဲ့အလုပ် ညီမှာလားဆိုတာကို စောင့်ကြည့်ရအုံးမယ်” ဟု ပြောသည်။

ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ ကူတောင်တိုက်နယ်ဆေးရုံနှင့် ဦးဂါတိုက်နယ်ဆေးရုံ တို့တွင် ဆရာဝန်မရှိသဖြင့် တိုက်နယ်ဆေးရုံများကို မှီခိုအားထားနေရသည့် ဒေသခံများမှာ ကျန်းမာရေးပိုင်းတွင် အခက်အခဲများဖြစ်နေကြပြီး ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် ရသေ့တောင်နှင့် စစ်တွေမြို့ပေါ်သို့ သွားရောက်ဆေးကုသနေရသည်။

ရခိုင်ပြည်က တိုက်နယ်ဆေးရုံများနှင့် မြို့ပေါ်ဆေးရုံကြီးများတွင် ဆေးဝါးနှင့် ခေတ်မီ စက်ကိရိယာ လိုအပ်ချက်အပြင် ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ကုသရေးပိုင်းတွင်အခက်အခဲ ဖြစ်ပေါ်နေကြကြောင်း သိရသည်။

#R010