ရေနစ်ပျက်စီးသွားသည့် လယ်ယာများကို ပြန်လည်စိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေ 

ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးရွာသွန်းမှုနှင့်အတူ ရေကြီးမှုကြောင့် ထွန်ယက်စိုက်ပျိုးပြီး စပါးပင်များမှာ ရွှံ့၊ နွံ ဖုံးလွှမ်းကာ သေကြေပျက်စီးသွားသဖြင့် ပြန်လည်စိုက်ပျိုးရန် ငွေကြေး၊ မျိုးစပါးနှင့် ပျိုးပင်အခက်အခဲများ ရှိနေကြသည်။

By Admin 15 Aug 2023

ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာက လယ်ကွင်းများအား ဩဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာက လယ်ကွင်းများအား ဩဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဩဂုတ် ၁၅

ရခိုင်ပြည်တွင် ရေကြီးရေလျှံမှုကြောင့် ရေနစ်မြုပ်ပျက်စီးသွားသည့် လယ်ဧကများကို ပြန်စိုက်ပျိုးရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း လယ်သမားများက ပြောဆိုကြသည်။ 

ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးရွာသွန်းမှုနှင့်အတူ ရေကြီးမှုကြောင့် ထွန်ယက်စိုက်ပျိုးပြီး စပါးပင်များမှာ ရွှံ့၊ နွံ ဖုံးလွှမ်းကာ သေကြေပျက်စီးသွားသဖြင့် ပြန်လည်စိုက်ပျိုးရန် ငွေကြေး၊ မျိုးစပါးနှင့် ပျိုးပင်အခက်အခဲများ ရှိနေကြသည်။

ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာမှ လယ်သမား ဦးလှမောင်သိန်းက “အကူအညီမရရင် လယ်သမားတွေက ဆင်းရဲကြတော့ ပျိုးတွေရှာပြီး စိုက်ပျိုးမယ်ဆိုရင်လည်း ဒီအချိန်က လယ်သမားတွေမှာ ငွေကြေးကြပ်တည်းချိန်ဆိုတော့ မစိုက်ပျိုးနိုင်တဲ့နေရာတွေကို ဒီအတိုင်းပဲထားရတော့မယ်” ဟု ပြောသည်။ 

ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာတွင် ရေကြီးမှုဒဏ်ကို ကြုံတွေ့ခဲ့ရသဖြင့် လယ်ဧက ၆၀ ခန့် ပျက်စီးသွားခဲ့ပြီး ပြန်လည်စိုက်ပျိုးရန် အခက်အခဲရှိနေကြောင်း လယ်သမားများက ပြောသည်။ 

မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာတွင် ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ဧက ၇၀၀ ခန့်ကို ပြန်လည်ထွန်ယက်နေကြသော်လည်း မျိုးစပါးရှားပါးမှုကြောင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန် မသေချာကြောင်း လယ်သမားက ပြောသည်။  

“မျိုးစပါးတွေက သူများတွေဆီကရှာပြီးတော့ ကြဲနေကြရတယ်။ မျိုးစပါးအခက်အခဲ ရှိနေကြတယ်” ဟု မင်းဖူးကျေးရွာက လယ်သမား ဦးမောင်လှက ပြောသည်။ 

မိုးနှောင်းပိုင်းကာလဖြစ်၍ လယ်သမားများမှာ ပေါ်ဆန်မွှေးကဲ့သို့  ရက်ရှည်စပါးများကိုစိုက်ပျိုးရန် အချိန်မလုံလောက်သဖြင့် ရက်တိုစပါးမျိုးစေ့များကိုသာ ရှာဖွေ စိုက်ပျိုးနေကြရသည်။

ရခိုင်ပြည်က လယ်သမားများမှာ ယခုနှစ်လယ်ယာလုပ်ငန်းကို မုန်တိုင်းဒဏ်ကြားမှ အခက်အခဲအမျိုးမျိုးနှင့် လုပ်ကိုင်ခဲ့ကြသော်လည်း ရေကြီးမှုဒဏ်ကို ထပ်မံကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ 

“လယ်သမားတွေမှာ လယ်ကလွဲပြီးတော့ ဘာမှမလုပ်တတ်ကြဘူးဆိုတော့ မျိုးစပါးတွေ ဖြစ်သလိုရှာပြီးတော့ ပြန်ပြီးစိုက်ပျိုးနေကြတဲ့ အနေအထားလောက်ပဲ တွေ့ရတယ်” ဟု ဓညဝတီတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးစိုးနိုင်က ပြောသည်။

လယ်ဧကပျက်စီးမှုနှင့်ပတ်သက်၍  ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးထွန်းမြင့်က “ပျက်စီးသွားတဲ့လယ်ဧကစာရင်းကို မြို့နယ်အဆင့်ဦးစီးအရာရှိတွေကို ကွင်းဆင်းစာရင်းကောက်ခိုင်းထားတယ်။ မျိုးပါးနဲ့ ပျိုးပင်ထောက်ပံ့ဖို့ အစီအစဉ်တွေလည်း ရှိတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရ(စစ်ကောင်စီ)နဲ့ အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်ရမယ်” ဟု ပြောကြားထားသည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီဌာနက ကောက်ယူထားသည့် စာရင်းများအရ ရခိုင်ပြည်တွင် ရေကြီးမှုကြောင့် လယ်ဧက စုစုပေါင်း ၈,၈၄၈ ဧက ပျက်စီးခဲ့ပြီး လယ်ဧက ၁၁,၁၃၂ ဧက ထိခိုက်ခဲ့ကြောင်း သိရသည်။ 

ရက္ခိုင့်တပ်တော်(ULA/AA)က ကောက်ယူထားသောစာရင်းတွင် လယ်ဧက စုစုပေါင်း ခုနစ်သောင်းကျော် ပျက်စီးပြီး ကျွဲ၊ နွား၊ ဆိတ်၊ ဝက် အကောင်ရေ ၁၃၉ ကောင် သေဆုံးသွားကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

#I006

ဗီဒီယိုများ