ရခိုင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းအတွက် ကျပ်သန်း ၇၄၀ ကျော် ချပေးထားကြောင်း စစ်ကောင်စီပြော

ရခိုင်ပြည်နယ် စီးပွားရေးမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများအတွက် ချေးငွေကျပ်သန်း ၇၄၂ ဒသမ ၅ သန်း အသုံးပြုထားကြောင်း စစ်ကောင်စီက ပြောသည်။

By Admin 25 Oct 2023

ပေါက်တောမြို့နယ်မှ လယ်သမားတစ်ဦးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင်း တွေ့ရစဉ်။
ပေါက်တောမြို့နယ်မှ လယ်သမားတစ်ဦးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင်း တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ် စီးပွားရေးမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများအတွက် ချေးငွေကျပ်သန်း ၇၄၂ ဒသမ ၅ သန်း အသုံးပြုထားကြောင်း စစ်ကောင်စီက ပြောသည်။

ယင်းချေးငွေထဲတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် ကျပ်သန်း ၂၆၈ ဒသမ ၉ သန်း၊ မွေးမြူရေးကဏ္ဍအတွက် ၄၄၆ ဒသမ ၉ သန်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများအတွက် ၂၆ ဒသမ ၈ သန်းတို့ဖြစ်ပြီး ရခိုင်ပြည် သမဝါယမဦးစီးဌာနကနေ ထုတ်ချေးပေးထားခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကောင်စီပိုင် MRTV ရုပ်သံတွင် ဖော်ပြထားသည်။

“ရခိုင်ပြည်နယ် သမဝါယမ ဦးစီဌာအနေနဲ့ကတော့ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ဘုံငွေကနေ အသင်းပေါင်း ၃၁ သင်းက အသင်းသားတွေ အတွက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အသေးစားစက်မှု လက်မှုကဏ္ဍ ကဏ္ဍသုံးခုကို ထုတ်ချေးထားတာဖြစ်တယ်” ဟု ရခိုင်ပြည် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက MRTV သတင်းတွင် ပြောဆိုထားသည်။

သို့သော်လည်း စစ်ကောင်စီက ထုတ်ပေးသည့်ချေးငွေများကို ၎င်းတို့နှင့် နီးစပ်သူများသာ ရရှိကြပြီး ဒေသခံတောင်သူလယ်သမားများ၊ မွေးမြူရေးသမားများကို မရကြပေ။

“အာမခံချက်ရှိတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ အကာအကွယ်တွေနဲ့ သူတို့နဲ့ ဆက်စပ်တဲ့ တောင်သူကြီးတွေကို ထုတ်ပေးတာများပါတယ်။ အခြေခံတောင် သူတွေကတော့ မရကြဘူးပေါ့။ ခုလိုလုပ်တာက လက်တွေ့မကျဘူး” ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။

ယခုချေးငွေသည် တောင်သူလယ်သမားများအား နှစ်စဉ်ချေးပေးသော ချေးငွေမဟုတ်ဘဲ ယခုနှစ်အတွင်းမှသာ နိုင်ငံစီးပွားရေးမြှင့်တင်ရေးအတွက် ဆိုကာ စစ်ကောင်စီမှ တစ်နိုင်ငံလုံးအတွက် ငွေကျပ် ၈ ဘီလီယံ အသုံးပြုပြီး ရခိုင်ပြည်အတွက် အသုံးပြုရန် ကျပ်သန်း ၂၀၂ ဒသမ ၈ သန်း ကျန်ရှိသေးကြောင်းသိရသည်။

ရခိုင်ပြည်စိုက်ပျိုးရေး ကဏ္ဍတွင် မုန်တိုင်းဒဏ်၊ ရေကြီးမှူဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပြီး လက်ရှိတွင် ကျန်ရှိသောစပါးများကို ရိတ်သိမ်းရန်အတွက် ချေးငွေများလိုနေကြသည်။

“ချေးငွေကတော့ မရပါဘူး။ ခုက စပါးရိတ်ရမယ့် အချိန်လည်းရောက်တော့မှာ ဆိုတော့ အစိုးရ(စစ်ကောင်စီ) အနေနဲ့ ချေးငွေ နည်းနည်း ချေးပေးစေချင်တာပေါ့။ ခုက သူတို့သတ်မှတ်ထားတဲ့ လယ်သမားတွေကိုပဲ ပေးတာကကျတော့ မတရားသလိုခံစားရတယ်။” ဟု မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာမှ ဦးမောင်နှောင်းကပြောသည်။

မွေးမြူရေးကဏ္ဍတွင်လည်း သမဝါယမ ဦးစီးဌာနမှ နွားနှင့် ဝက်မွေးမြူရေးအတွက်သတ်မှတ် အသင်းဝင် များကိုသာပေးခြင်းကြောင့် တခြားမွေးမြူရေးသမားများကိုလည်း ချေးငွေပေးရန်လိုအပ်နေကြောင်း မွေးမြူရေးလုပ်ကိုင်နေသူများက ဆိုကြသည်။

“ကျနော်တို့လည်း အစိုးရ(စစ်ကောင်စီ)ဆီက ချေးငွေနည်းနည်းရရင် အဆင်ပြေမယ်။ ခုသူများဆီက ချေးပြီးတော့ လုပ်ကိုင်နေ ရတာ အဆင်မပြေဘူး။ ကျနော်တို့က ချေးငွေလည်း တခါမှမရဖူးဘူး” ဟု မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာတွင် ကြက်မွေးမြူရေးလုပ်ကိုင်နေသူ ကိုကျော်နိုင်က ပြောသည်။

ရခိုင်ပြည်အတွင်း မွေးမြူရေးလုပ်ငန်းရှင်များမှာ မုန်တိုင်းဒဏ်တို့ကြောင့် လုပ်ငန်းများပျက်စီးသွားခဲ့ရကာ ပြန်လည်ပတ်နိုင်ရေးတွင် စိန်ခေါ်မှုများစွာရှိနေကြသည်။

ပြည်နယ်သမဝါယမ ဦးစီးဌာနမှ အသေးစားစက်မှုလက်မှု လုပ်ငန်းများအတွက် သမဝါယမ အသင်း နှစ်သင်းကိုသာ ထုတ်ချေးထားခြင်းဖြစ်ပြီး ကျန်ရှိသော ငွေများကို “မိုခါ” မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသည့် နွားမွေးမြူရေး လုပ်ငန်းများအားချေးငွေပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရခိုင်ပြည်တွင်းမှ MSME လုပ်ငန်းများမှာ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်ချေးငွေကို မျှော်လင့်နေကြသည်။

စစ်တွေမြို့ အိုးသူကြီးစက်ရုံလုပ်ငန်းမှ ဦးမြတ်ကျော်က “ကျနော်တို့ ချေးငွေမရတော့ သူတို့က ကျနော်တို့ကို ဘာ ပြောလဲဆိုရင်၊ စိုက်ပျိုးရေး‌၊ မွေးမြူရေးကို ဦးစားပေးလို့ ချေးပေးထားတာ။ ချေးငွေကတော့ ကျနော်တို့လည်း လိုအပ် တာပေါ့ စက်ရုံ လုပ်ငန်းတစ်ခုမှာ။ သူတို့လုပ်ဆောင်မှု ကိုတော့ ဘာမှမပြောချင်တော့ပါဘူး။ ထုတ်ချေးရင် ချေးမယ် မချေးရင်လည်း ကိုယ်နိုင်သလောက်ပဲလုပ်၊ မလုပ် နိုင်ရင် ရပ်ထားတာပဲရှိတာ။” ဟု ပြောသည်။

ရခိုင်တွင် MSME လုပ်ငန်းများ၊ မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ငန်းများတို့မှာ အားနည်းချက်များ ရှိနေသောကြောင့် သက်ဆိုင်ရာလုပ်ငန်းရှင်များအတွက် နည်းပညာ၊ ငွေကြေး ထောက်ပံ့မှုများ လိုအပ်ကြောင်း လုပ်ငန်းရှင်များကဆို ကြသည်။

ဗီဒီယိုများ