ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနှစ်ခုကို လိုင်စင် ရာသက်ပန်ပိတ်သိမ်း

“တိုင်ကြားမှုတွေရှိတဲ့အတွက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်လိုက်တာပါ”ဟု အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

By Admin 19 Jul 2023

ဓာတ်ပုံ - Bangkok Post
ဓာတ်ပုံ - Bangkok Post

DMG ၊ ဇူလိုင် ၁၉

ပြည်ပနိုင်ငံများသို့ သွားရောက်ပြီး အလုပ်လုပ်လိုသူများကို ပို့ဆောင်ပေးနေသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ နှစ်ခုကို လုပ်ငန်းလိုင်စင် ရာသက်ပန်ပိတ်သိမ်းကာ အမှုဖွင့်အရေးယူထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

Myint Mo Phue Pwint နှင့် Lu Kyaw အေဂျင်စီတို့သည် အလုပ်သမားများထံမှ ငွေကြိုတင်ယူပြီး ပြည်ပသို့ ပို့ဆောင်ပေးခြင်းမရှိသဖြင့် အရေးယူခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ပြောသည်။

“တိုင်ကြားမှုတွေရှိတဲ့အတွက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်လိုက်တာပါ”ဟု အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

Myint Mo Phue Pwint အေဂျင်စီသည် အလုပ်သမား ၁၆ ဦး၏ ငွေကြေးဝန်ဆောင်ခ ယူဆောင်ထားပြီး ပြည်ပသို့ ပို့ဆောင်ပေးခြင်းမရှိကြောင်း တိုင်ကြားချက်အရ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၉ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Lu Kyaw အေဂျင်စီကိုလည်း ကနဦးတိုင်ကြားချက်များအရ ဇူလိုင်လ ၁၁ ရက်နေ့တွင် လိုင်စင် ရာသက်ပန်ပိတ်သိမ်းထားပြီး မည်သည့်ပုဒ်မဖြင့် အရေးယူထားသည်ကို ထုတ်ပြန်ဖော်ပြောဆိုထားခြင်း မရှိပေ။

“အရေးယူဆောင်ရွက်မှုတွေ လုပ်နေတယ်လို့တော့ ကြားတယ်။ ကျနော်တို့အသင်းကိုတော့ စာနဲ့အကြောင်းကြားတာ မရှိသေးဘူး။ ဝန်ကြီးဌာနက အရေးယူတာဆိုတော့ (ဝန်ကြီးဌာနကပဲ) သူက ပိုသိပါလိမ့်မယ်” ဟု မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးအောင်ခိုင်က ပြောသည်။

လိုင်စင်ပိတ်သိမ်းခံထားသော အေဂျင်စီနှစ်ခုမှာ အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ထိုင်း၊ မလေးနှင့် ဂျပန်နိုင်ငံများကို အလုပ်သမားများအား အဓိက ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန၏ စာရင်းအရ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကိုးနှစ်တာအတွင်း လိုင်စင် ရာသက်ပန် ပိတ်သိမ်းခံရသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ စုစုပေါင်း ၂၄ ခုအထိရှိကြောင်း သိရသည်။

လက်ရှိ ပြည်ပသို့ တရားဝင်အလုပ်အကိုင်ရှာဖွေရေး ဆောင်ရွက်ပေးနေသော အေဂျင်စီ ၄၅၅ ရှိပြီး ယခုနှစ်အတွင်း အသစ်ထပ်မံလိုင်စင်ရရှိထားသည့် အေဂျင်စီ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

#I004

ဗီဒီယိုများ