စပါးအထွက်နှုန်းမကောင်း၍ ရခိုင် လယ်သမားများ စိုက်/ ဘဏ်ချေးငွေ ပြန်ဆပ်နိုင်ရေး တွေးပူနေကြ

ယခုနှစ် ရခိုင်မှာ ရာသီဥတုဖောက်ပြန်ခြင်း၊ စိုက်ပျိုးရေးစရိတ် ဈေးနှုန်းမြင့်တက်မှုဒဏ်တို့ အပါဝင် စပါး အထွက်နှုန်း ထက်ဝက်ခန့် ကျဆင်းခဲ့ခြင်း စသည့် အထွေထွေအကျပ်အတည်းများကြောင့် လယ်သမားများ တွက်ခြေမကိုက်ဘဲ အရှုံးနှင့်ရင်ဆိုင်နေရသည်။

By Admin 22 Dec 2022

စပါးအထွက်နှုန်းမကောင်း၍ ရခိုင် လယ်သမားများ စိုက်/ ဘဏ်ချေးငွေ ပြန်ဆပ်နိုင်ရေး တွေးပူနေကြ

စစ်တွေ၊ အောင်တိုင်ကျေးရွာမှ လယ်ကွင်းများကို တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၂၂

ယခုနှစ် ရခိုင်မှာ ရာသီဥတုဖောက်ပြန်ခြင်း၊ စိုက်ပျိုးရေးစရိတ် ဈေးနှုန်းမြင့်တက်မှုဒဏ်တို့ အပါဝင် စပါး အထွက်နှုန်း ထက်ဝက်ခန့် ကျဆင်းခဲ့ခြင်း စသည့် အထွေထွေအကျပ်အတည်းများကြောင့် လယ်သမားများ တွက်ခြေမကိုက်ဘဲ အရှုံးနှင့်ရင်ဆိုင်နေရသည်။

ယင်းအပြင် စစ်ရေးပဋိပက္ခကြောင့် လယ်ယာမြေများကို ကောင်စွာပြုစု မလုပ်ကိုင်နိုင်ခြင်း နေရပ်ခွာ ထွက်ပြေးနေရမှုတို့ကြောင့်လည်း လယ်သမားများမှာ စိုက်ပျိုးရေးစရိတ် ချေးငွေများကို ပြန်လည်ပေးသွင်းနိုင်မည့် အနေထားမရှိ ဖြစ်နေကြသည်။

ရသေ့တောင် မြို့နယ်မှ တောင်သူ ဒေါ်စောသန်းအေးက “ လယ်လုပ်ငန်းတွေကို သေသေချာချာနဲ့ မလုပ်နိုင်သရွေ့တော့ စိုက်ပျိုးရေးချေးငွေကို ဆပ်နိုင်မှာမဟုတ်ဘူး။ ကျမတို့လည်း ယူထားတဲ့ ငွေကို မပေးသွင်းနိုင်သေးပါဘူး။ သူများဆီက ချေးယူပြီး လယ်ထဲကိုသွင်းလိုက်တယ်။ စပါးထွက်လာတော့လည်း ဘာမှမရတော့ အကြွေးပဲတင်ကျန်ခဲ့ပါတယ် ” ဟု DMG ကိုပြောသည်။

ထိုသို့ အခက်အခဲများကြောင့် စိုက်ပျိုးရေး စရိတ်ချေးငွေများကို ပြန်ဆပ်ချိန်အား သတ်မှတ်ချိန်ထက် တိုးပေးရန် လိုလားနေကြကြောင်း မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာသား လယ်သမား ဦးစိုးနိုင်ကပြောသည်။

“ အစိုးရက စိုက်ပျိုးရေး ချေးငွေတွေကို ထပ်ဆောင်း တောင်းခံနေပြီဆိုရင် ကျနော်တို့မှာ ဆိုးဆိုးရွားရွား ဖြစ်သွားမယ်။ လယ်သမား တွေအတွက် အစိုးရဘက်က တစ်ခုခုလျော့ပေါ့ပေးဖို့ တောင်းဆိုချင်ပါတယ်။ ချေးငွေကို မဆပ်နိုင်ဘဲ နှစ်ကြာလာတာနဲ့အမျှ အတိုးနှုန်းကတက်လာတော့ ဆပ်လို့ ပြီးတော့မှာ မဟုတ်ပါဘူး ” ဟု ၎င်းက ပြောသည်။

ယခုနှစ် ရခိုင်မှ လယ်သမားအများစုမှာ အရှုံးနှင့်ရင်ဆိုင်နေရသည့်အတွက် စိုက်ပျိုးရေးချေးငွေကို လယ်သမား အနည်းစုသာ ပြန်လည်ပေးသွင်းနိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ တာဝန်ရှိသူက ပြောသည်။

ထိုသို့ စိုက်ပျိုးရေး ချေးငွေပြန်ဆပ်ရန် အခက်အခဲရှိနေသော လယ်သမားများကို အခြေခံပြီး အစိုးရမှ တဆင့်ချင်း လျှော့ပေါ့ပေးပါက တောင်းသူများအတွက် တချို့တဝက်အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

“ ဒီနှစ်မှာ စိုက်ပျိုးရေးချေးငွေကို ဆပ်နိုင်ဖို့ လုံးဝမသေချာဘူး။ ဆိုတော့ ပထမတစ်ခုက စပါး လုံးဝမစိုက်ပျိုးရတဲ့သူတွေကိုဆိုရင် ချေးငွေကို လုံးဝ လျှော့ပေးသင့်ပါတယ်။ နောက်တဆင့်က အနည်းဆုံး ၃ နှစ်လောက် စပါးအထွက်နှုန်း မကောင်းတာ၊ တစိုက်မတ်မတ် မလုပ်ကိုင်နိုင်တဲ့သူတွေကို အတိုးနှုန်းလျှော့ပေါ့ပေးသင့်တယ်။ လယ်သမားတွေရဲ့ အကျပ်အတည်းကို အစိုးရက တာဝန်ယူ ဖြေရှင်းသင့်တယ် ” ဟု ၎င်းက ပြောသည်။

နှစ်စဉ် မိုးရာသီ စိုက်ပျိုးရေးချေးငွေများကို စပါးပေါ်ရာသီမှစ၍ ဧပြီလလယ်အထိ နောက်ဆုံးထား ပေးသွင်းရသည်။ သို့သော်လည်း ရခိုင်ကလယ်သမားများမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယူထားသည့် စိုက်ပျိုးရေးချေးငွေများကိုလည်း လက်ရှိအချိန်ထိ ပြန်လည် မပေးသွင်းနိုင်သေးကြောင်း သိရသည်။

လက်ရှိမှာ ယခင် အကြွေးကျန်ရှိခဲ့သည့် စိုက်ပျိုးရေးချေးငွေနှင့် ယခုနှစ် ချေးငွေကို သက်ဆိုင်ရာမြို့နယ် ဘဏ်အလိုက် ကောက်ခံနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။

လက်ရှိမှာ စိုက်ပျိုးရေးချေးငွေ မဆပ်နိုင်သူများကို စည်းရုံးရေးဖြင့် ကွင်းဆင်းကောက်ခံနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) ဘဏ်မန်နေဂျာ ဦးဘကျော်စိန် က DMG သို့ ပြောသည်။

“ လယ်သမားတွေဘက်က အပြည့်အစုံ မဆပ်နိုင်ဆိုရင်လည်း ရှိသလောက် ဆပ်ထားလို့ရတယ်။ မဆပ်ဘဲ ကြန့်ကြာနေရင်တော့ အတိုးတွေက တိုးလာမှာ။ တချို့ဆိုရင် အရင်းငွေထက် အတိုးငွေက ပိုများတဲ့ သူတွေလည်း ရှိပါတယ်။ သတ်မှတ်အချိန်ထက် ကြာရင်လည်း ဒဏ်တိုးတွေလည်း ဖြစ်လာတယ်ပေါ့။ အရင်ခေတ်ကတော့ အကြွေးမဆပ်နိုင်ရင် လယ်မြေတွေကို သိမ်းတာရှိတယ်။ အခုတော့ အဲဒီလို မရှိသေးပါဘူး ” ဟု ၎င်းကဆက် ပြောသည်။

စိုက်ပျိုးရေးစရိတ် ချေးငွေအား ကြွေးကျန်မဆပ်နိုင်သူ အများစုမှာ ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်က ဖြစ်ပြီး လက်ရှိအချိန်ထိ ၂၀၂၁ ခုနှစ်က ယူထားသည့် ချေးငွေကို လယ်သမား ၆၀ ရာခိုင်နှုန်းခန့်သာ ချေးငွေပြန် ဆပ်နိုင် သေးကြောင်း လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ ဘဏ်မန်နေဂျာ ဦးဘကျော်စိန် က DMG သို့ ပြောသည်။ ယင်းအပြင် ယခုနှစ် ချေးငွေ ပြန်ဆပ်သူများအား မသိရသေးပေ။

နှစ်စဉ် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် ရခိုင်က လယ်သမား ၃၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာမြေ ကို စွန့်ခွာပြီး နိုင်ငံခြားကို ထွက်သွားကြသူများလာသည့်အတွက် ဆန်၊ စပါး စားသုံးမှု ဖူလုံရန်ပင်ခက်ခဲ လာနိုင်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ဦးကျော်ဇံက “ ဒီအတိုင်း ဆိုရင်တော့ လယ်သမား ၃၀ ရာခိုင်နှုန်းလောက်ဟာ လယ်ယာမြေတွေကို စွန့်လွှတ်မယ့် အနေထားတွေ ဖြစ်လာမယ်။ အခုကတည်းကနေ နိုင်ငံခြားကို ထွက်သွားတဲ့သူတွေ၊ လယ်အငှား လုပ်ကိုင်တဲ့ သူတွေလည်း အကြွေးမဆပ်နိုင်တဲ့ အနေထားတွေ ရှိနေကြတယ်။ လယ်ဆက်လို့ လုပ်ကိုင်တဲ့ သူတွေလည်း အကျ ဘက်ကိုပဲ ဦးတည်နေတယ်” ဟု၎င်းက ဆက်ပြောသည်။

ယခုနှစ်တွင် ရခိုင်ပြည်မြောက်ပိုင်းမှ ရသေ့တောင်၊ ကျောက်တော်နှင့် ဘူးသီးတောင်၊ မောင်တောဘက်တွင် စစ်ရေးပဋိပက္ခကြောင့် စပါးမရိတ်သိမ်းနိုင်သည့် လယ်သမားအများစု ရှိနေကြောင်း သိရသည်။

စစ်ရေးပဋိပက္ခ၊ ကိုဗစ်ကပ်ရောဂါနှင့် သဘာဝဒဏ်ကြောင့် လယ်သမားများ နှစ်စဉ်အရှုံးနှင့်ရင်ဆိုင်နေရကာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာကြသည်။

ယခုနှစ် ရခိုင်ပြည်တွင် စိုက်ပျိုးရေး စရိတ်မြင့်တက်မှုများကြောင့် စပါးစိုက်ဧက ၁၂ သိန်းရှိသည့်အနက် ၉ သိန်း ဝန်းကျင်သာ စိုက်ပျိုးနိုင်ခဲ့ကာ ရာသီဥတုဖောက်ပြန်ခြင်းနှင့် မုန်တိုင်းဒဏ်ကြောင့် စိုက်ဧက ၅ သောင်းကျော်အထိ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ