လယ်ယာလုပ်ငန်းအတွက် ဘက်ဂျတ်ငွေသီးသန့်ထားပေးရန် တောင်သူများတောင်းဆို 

ရခိုင်ပြည်အတွင်းက လယ်သမားများမှာ လယ်ယာလုပ်ငန်းကိုစွန့်ခွာကာ ပြည်ပနိုင်ငံသို့ ရွေ့ပြောင်းလုပ်ကိုင်သူ များလာနေသည်။ 

By Admin 02 Mar 2023

လယ်ယာလုပ်ငန်းအတွက် ဘက်ဂျတ်ငွေသီးသန့်ထားပေးရန် တောင်သူများတောင်းဆို 

DMG ၊ မတ် ၂

လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်က ဘတ်ဂျက်ငွေသီးသန်းထားပြီး ကူညီဆောင်ရွက်မှုများ လုပ်ပေးဖို့အတွက် ယနေ့ကျရောက်သည့် ၆၀ ပြည့်နှစ် တောင်သူလယ်သမားနေ့တွင် ရခိုင်တောင်သူလယ်သမားများက တောင်းဆိုလိုက်ကြသည်။ 

ရခိုင်ပြည်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကျဆင်းလာနေရခြင်းမှာ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူများက ထိရောက်သောကူညီဆောင်ရွက်မှုများ မရှိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု တောင်သူများက ပြောဆိုကြသည်။ 

ထို့ကြောင့် လယ်သမားများမှာ နှစ်စဉ်နှစ်တိုင်း အခက်အခဲများနှင့်သာ ကြုံတွေ့လာရသည့်အတွက် လယ်ယာလုပ်ငန်းကိုစွန့်ခွာသူ များပြားလာနေခြင်းဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်မြက ပြောသည်။

“အစိုးရတွေက တောင်သူလယ်သမားတွေနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ဘက်ဂျက်ငွေတွေကိုသုံးစွဲလဲ ထင်ထင်ရှားရှား မတွေ့ရဘူး။  ကျနော်တို့လယ်သမားတွေကို အကျိုးဖြစ်ထွန်းလောက်အောင်ထိ ကူညီဆောင်ရွက်ပေးတာတွေကို အခုချိန်ထိ တစ်ခါမှ မတွေ့ရေသေးဘူး။ ဒါကြောင့် ပြည်တွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ကူညီဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ဦးအောင်ကျော်မြက ပြောသည်။

ရခိုင်ပြည်တွင် လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးစရိတ်ချေးငွေတစ်ခုသာ ထင်ထင်ရှားရှားရှိပြီး လယ်သမားများကတော့ သွင်းအားစုစရိတ်မြင့်မားလာမှုကြောင့် အခက်တွေ့နေကြရသည်။ 

ပြီးခဲ့သည့်နှစ်အတွင်း ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်မှု၊ စက်သုံးဆီဈေးနှုန်းမြင့်တက်မှု၊ သွင်းအားစုစရိတ်ကြီးမားမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် လယ်သမားများမှာ စပါးအထွက်နှုန်း ၅၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တောင်းသူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။ 

ထိုအခြေအနေများကြောင့် ရခိုင်ပြည်အတွင်းက လယ်သမားများမှာ လယ်ယာလုပ်ငန်းကိုစွန့်ခွာကာ ပြည်ပနိုင်ငံသို့ ရွေ့ပြောင်းလုပ်ကိုင်သူ များလာနေသည်ဟု မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးစိုးနိုင်က ပြောသည်။ 

“ဓာတ်မြေသြဇာကို လိုသလောက်သုံးမှ စပါးအထွက်နှုန်းတိုးမယ်။ လိုသလောက် မသုံးစွဲနိုင်ရင် စပါးအထွက်နှုန်းကျမယ်။ အထွက်နှုန်းကျရင်တော့ လယ်သမားတွေမှာ အဆင်မပြေဘူး။ ဒီလိုအခြေနေတွေကြောင့် လယ်သမားတွေ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာပြီးတော့ နိုင်ငံခြားတွေကို ထွက်သွားကြတယ် ” ဟု ဦးစိုးနိုင်က ပြောသည်။ 

ထို့ကြောင့် ကျဆင်းလာနေသော ရခိုင်ပြည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် လက်ရှိအုပ်ချုပ်နေသော စစ်ကောင်စီအနေဖြင့် လယ်သမားအရေးကို ဦးစားပေးဆောင်ရွက်ပေးစေချင်ကြောင်း လယ်သမားများက တောင်းဆိုနေကြသည်။ 

“ ကုန်ခဲ့တဲ့နှစ်က ဆားငံရေ ဝင်ရောက်ခဲ့တဲ့အတွက် မျိုးစပါးတွေလည်း မရလိုက်ဘူး။ တော်တော်လေးအခက်အခဲ ဖြစ်သွားခဲ့တယ်။ ကျနော်တို့မှာ မျိုးစပါးက အရေးကြီးတယ်။ မျိုးစပါးသန့်မှပဲ စပါးကောင်းမယ်။ အဲဒါကြောင့် လာမယ့်မိုးရာသီမှာ စိုက်ပျိုးဖို့အတွက် မျိုးကောင်းမျိုးသန့် လိုပါတယ်၊ ကုန်စျေးနှုန်းတွေ ကျဖို့လိုပါတယ်” ဟု ပေါက်တောမြို့နယ်က လယ်သမားတစ်ဦးဖြစ်သူ ဦးလှစံအောင် ကပြောသည်။

ရခိုင်တစ်ပြည်လုံးတွင် စပါးစိုက်ဧက ၁၂ သိန်းခွဲကျော်ရှိပြီး ၂၀၂၂ ခုနှစ်အတွင်းက အခြေနေအမျိုးမျိုးကြောင့် လယ်ဧက ၈ သိန်းခွဲကျော်သာ စိုက်ပျိုးနိုင်ခဲ့ပြီး မိုးခေါင်းမှုဒဏ်ကြောင့် လယ်ဧက ၄၅ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ရသည်ဟု တောင်သူလယ်သမားများသမဂ္ဂ၏ စာရင်းအရ သိရသည်။

တောင်သူလယ်သမားများ စည်းလုံးညီညွတ်မှု ရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားပြုလုပ်ခဲ့သည့် ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်လယ်သမားနေ့ အဖြစ် သတ်မှတ်ခဲ့သော်လည်း ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

#R010

ဗီဒီယိုများ