မာန်အောင်မြို့ KBZ ဘဏ်ဝန်ထမ်း ၂ ဦး ငွေအလွဲသုံးစားလုပ်မှုဖြင့် အမှုဖွင့်ခံရ

မာန်အောင်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(KBZ)မှ အကြီးတန်းလက်ထောက်စာရေးနှစ်ဦးကို ငွေအလွဲသုံးစားပြုလုပ်မှုဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က မာန်အောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားရကြောင်း သိရသည်။

18 Jul 2022

မာန်အောင်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(KBZ)အား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၈

မာန်အောင်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(KBZ)မှ အကြီးတန်းလက်ထောက်စာရေးနှစ်ဦးကို ငွေအလွဲသုံးစားပြုလုပ်မှုဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က မာန်အောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားရကြောင်း သိရသည်။

ဘဏ်အကောင့်ပိုင်ရှင် ၉ ဦးထံမှ ငွေကျပ် ၁၈၃၅ သိန်းကျပ်ကို မာန်အောင်ဘဏ်ခွဲ တာဝန်ခံ ခွင့်ပြုချက်မရှိဘဲ လွဲပြောင်းအသုံးပြုထားသည်ကို စိစစ်တွေ့ရှိသဖြင့် ငွေအလွဲသုံးစားပြုမှုဥပဒေပုဒ်မ-၄၀၈ ၊ လက်မှတ်အတုပြုလုပ်မှု ပုဒ်မ-၄၆၈ တို့ဖြင့် KBZ ဘဏ်အရာရှိတစ်ဦးက တရားလိုပြုလုပ်ပြီး အမှုဖွင့်အရေးယူထားကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦးကပြောသည်။

"သူတို့ကို ငွေအလွဲသုံးစားပြုမှုနဲ့ အမှုဖွင့်ထားတယ်။ အခုလောလောဆယ် သူတို့ကို မာန်အောင်မြို့က အချုပ်ခန်းထဲမှာ ထားထားတယ်။ သူတို့နှစ်ယောက်စလုံးက အာမခံမရဘူး။ အခုလည်း ဘဏ်မှာစီစစ်မှုတွေ လုပ်နေသေးတယ်"ဟု သူကပြောဆိုသည်။

အမှုဖွင့်ခံရသူများမှာ မာန်အောင်မြို့၊ အနောက်စုရပ်ကွက်မှ အမျိုးသမီး ဝန်ထမ်းနှစ်ဦးဖြစ်သည်။ လက်ရှိတွင် တခြားဘဏ်ဝန်ထမ်းများနှင့် ဘဏ်စာရင်းများအား ဆက်လက်စစ်ဆေးမှုများပြလုပ်လျက်ရှိကြောင်း မာန်အောင်မြို့နယ် ရဲစခန်းမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် မာန်အောင်မြို့ KBZ ဘဏ် တာဝန်ရှိသူများအား ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

ဗီဒီယိုများ