ပါတီမှတ်ပုံတင်၊ မတင်ကိစ္စကို ရခိုင်အမျိုးသားပါတီက မြို့နယ်ကော်မတီဝင်များထံမှ သဘောထားကောက်ခံနေ

မြို့နယ်ကော်မတီဝင်များ သဘောထားကို ရရှိနိုင်ရန် ရခိုင်အမျိုးသားပါတီ(ဗဟို)မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စာဖြင့်ညွှန်ကြားထားပြီး လက်ရှိတွင် မြို့နယ်ကော်မတီဝင်များမှ တွေ့ဆုံဆွေးနွေးလျက်ရှိကြသည်။

By Admin 21 Feb 2023

ကျောက်ဖြူမြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များ ဆွေးနွေးခဲ့စဉ်။ ဓာတ်ပုံ - U Phoe San/ Facebook
ကျောက်ဖြူမြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များ ဆွေးနွေးခဲ့စဉ်။ ဓာတ်ပုံ - U Phoe San/ Facebook

DMG ၊ ဖေဖော်ဝါရီ ၂၁

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်၊ မတင်ကိစ္စကို ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် မြို့နယ်ကော်မတီဝင်များထံမှ သဘောထားကောက်ခံလျက်ရှိကြောင်း သိရသည်။

မြို့နယ်ကော်မတီဝင်များ သဘောထားကို ရရှိနိုင်ရန် ရခိုင်အမျိုးသားပါတီ(ဗဟို)မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စာဖြင့်ညွှန်ကြားထားပြီး လက်ရှိတွင် မြို့နယ်ကော်မတီဝင်များမှ တွေ့ဆုံဆွေးနွေးလျက်ရှိကြသည်။

မြို့နယ်ကော်မတီဝင်များ၏ သဘောထားကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပါတီဗဟိုဌာနချုပ်သို့ အစီရင်ခံရမည်ဖြစ်ကာ ယင်းသဘောထားများကို ဗဟိုအဆင့်တွင် ထပ်မံဆွေးနွေးသွားမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှကပြောသည်။

“လောလောဆယ် ပါတီမှာ အစည်းအဝေးတစ်ရပ် ခေါ်ရဦးမယ်။ မြို့နယ်ကော်မတီဝင်တွေရဲ့ သဘောထားတွေကို ရယူနေတယ်။ ပြီးမှ အစည်းအဝေးခေါ်ယူပြီးတော့ မှတ်ပုံတင်၊ မတင်ဆိုတာကို ပြောနိုင်မယ်”ဟု ဦးသာထွန်းလှက DMG ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရမ်းဗြဲမြို့မှ ကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး ပါတီ ဆက်လက်ရပ်တည် နိုင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးဘရှိန်က ပြောသည်။

“အဓိကတော့ ပါတီမှတ်ပုံတင်ဖို့၊ ပါတီဆက်လက်ရပ်တည်နိုင်ရေးအတွက် ဆွေးနွေးဖြစ်ခဲ့တယ်။ အများစုကတော့ ပါတီ ပြန်လည်မှတ်ပုံတင်ဖို့အတွက် ဆန္ဒရှိကြတယ်”ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း မြို့နယ်ကော်မတီဝင်များ၏ သဘောထားကို ကောက်ခံလျက်ရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းအောင်သိန်းကပြောသည်။

“ဗဟိုက ပါတီမှတ်ပုံတင်၊ မတင်နဲ့ပတ်သက်လို့ မြို့နယ်ကော်မတီဝင်တွေရဲ့ သဘောထားကို ရယူဖို့အတွက် စာပေးထားတာရှိတယ်။ လက်ရှိမှာ ကျနော်တို့ကလည်း အဲဒီကိစ္စကို ဆွေးနွေးနေကြတယ်။ အများကတော့ ပါတီမှတ်ပုံတင်ဖို့အတွက် သဘောထားပေးကြတယ်။ မြို့နယ်ကော်မတီဝင်တွေရဲ့ သဘောထားကို ဒီလကုန်လောက်မှပဲ ဗဟိုကို ပေးပို့သွားမှာပါ”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက ပြဌာန်းသည့် ပါတီမှတ်ပုံတင်ရေးဥပဒေသစ်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ ရက်ပေါင်း ၆၀ အတွင်းမှာ ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံမတင်ပါက ပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ANP ပါတီကတော့ လူမျိုးတစ်မျိုးကို ဗဟိုပြုပြီးတော့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တယ်။ ရခိုင်လူမျိုးကို ဗဟိုပြုပြီးတော့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်တဲ့အတွက် ပါတီက ပြည်သူအတွက် လိုအပ်ပါတယ်လို့ပဲ ပြောချင်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်ကပြောသည်။

ရခိုင်တွင် အင်အားကြီးပါတီ (၃)ခုရှိသည့်ထဲမှ ရခိုင့်ဦးဆောင်ပါတီ(AFP)က စစ်ကောင်စီမှကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည်ဟု ပြောထားသည်။

ရခိုင်အမျိုးသားပါတီ(ANP)က ပါတီမှတ်ပုံတင်၊ မတင်ကို မြို့နယ်ကော်မတီဝင်များထံမှ သဘောထား ကောက်ခံနေဆဲဖြစ်သည်။

သို့သော် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)အနေဖြင့် စစ်ကောင်စီအာဏာသိမ်းမှု လုံးဝဆန့်ကျင်ကာ  စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အတိအလင်းကြေညာထားသည်။

စစ်ကောင်စီက လာမည့်ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(First Past the Post–FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation–PR)ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေသည်။

#R007

ဗီဒီယိုများ