- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
စစ်တွေမြို့က ရေမြောင်းများကို မိုးမကျမီ တူးဖော်ရန်လိုအပ်
မြို့နယ်စည်ပင်အဖွဲ့ကလည်း တူးဖော်ပေးခြင်းမရှိသဖြင့် ရပ်ကွက်နေပြည်သူအချို့မှာ မိမိနေအိမ်အနီးနားမှ ရေမြောင်းများကို ကိုယ်ထူကိုယ်ထ တူးဖော်လျက်ရှိသည်။
04 May 2023

DMG ၊ မေ ၄
ရခိုင်ပြည်၊ စစ်တွေမြို့တွင် မိုးရာသီကာလအတွင်း ရေမြောင်းပိတ်ဆို့မှုကြောင့် ရေပြည့်ရေလျှံမှုများ နှစ်စဉ် ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် မြို့တွင်း ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများကို ယခုအချိန်ကစပြီး စနစ်တကျတူးဖော်ဖို့ ဒေသခံများက လိုလားနေကြသည်။
မြို့နယ်စည်ပင်အဖွဲ့ကလည်း တူးဖော်ပေးခြင်းမရှိသဖြင့် ရပ်ကွက်နေပြည်သူအချို့မှာ မိမိနေအိမ်အနီးနားမှ ရေမြောင်းများကို ကိုယ်ထူကိုယ်ထ တူးဖော်လျက်ရှိသည်။
“ရပ်ကွက်က ကိုယ်ထူကိုယ်ထ ဖောက်နေတယ်။ စည်ပင်ကတော့ မရောက်သေးဘူး။ မိုးရာသီနီးလာပြီမို့ ကြိုတင်ပြီး လုပ်ထားကြတာ” ဟု လမ်းမတော်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သိန်းက ပြောသည်။
ရေမြောင်းများအား စနစ်တကျဖောက်လုပ်ပေးရန် လမ်းမတော်ရပ်ကွက်နေသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ မြို့နယ်စည်ပင်အဖွဲ့ထံ ဧပြီလ ၃၀ နေ့က တင်ပြတောင်းဆိုထားကြောင်း ၎င်းက ဆက်ပြောသည်။
မြို့သူကြီးရပ်ကွက်တွင် နေထိုင်သူ ဒေါ်မငယ်က “အိမ်ရှေ့ကမြောင်းတွေကို ကိုယ့်အစီအစဉ်နဲ့ တူးဖော်ကြပေမယ့်လည်း မတူးတဲ့သူတွေဘက်က ရေမြောင်းတွေမှာ ရေပြည့်တော့ တစ်ရပ်ကွက်လုံးကိုပါ အကျိုးသက်ရောက်တာပေါ့။ စည်ပင်ကလည်း ရပ်ကွက်တွေမှာ လာမလုပ်ပေးဘူး။ အခုက မိုးရာသီလည်း နီးလာပြီဆိုတော့ စည်ပင်က စနစ်တကျလုပ်ပေးသင့်တယ်” ဟု ပြောသည်။
စစ်တွေမြို့တွင် မိုးရာသီကာလ ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်နေရခြင်းမှာ မြို့ထဲရှိချောင်းများကို ဒေသနေပြည်သူအချို့က စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ၊ နေအိမ်တိုးချဲ့ဆောက်လုပ်မှုများနှင့်လည်း သက်ဆိုင်ကြောင်း ပြောကြသည်။
ရေမြောင်းများ တူးဖော်ရာတွင်လည်း ထွက်ရှိသည့်အမှိုက်များကို စနစ်တကျ မစွန့်ပစ်ဘဲ ရေမြောင်းအနီးစုပုံထားမှုကြောင့် ရေမြောင်းထဲသို့ အမှိုက်များပြန်ဝင်ပြီး နဂိုအတိုင်း ပြန်ပိတ်သွားမှုများ ရှိနေသည်။
“ရပ်ကွက်တွေကလုပ်ရင်လည်း စည်းစနစ်သိပ်မကျဘူး။ စည်ပင်နဲ့ပြည်သူက ပူးပေါင်းပြီးလုပ်ရမယ်။ ပြည်သူကမပူးပေါင်းရင် သက်ဆိုင်ရာကအရေးယူရမယ်။ ဒီလိုထိရောက်အောင်မလုပ်တဲ့အတွက် စစ်တွေမှာ နှစ်တိုင်း ရေပြည့်တာတွေ ဖြစ်တာ” ဟု ဘောက်သီးစုရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
မိုးရာသီမတိုင်မီ ရေမြောင်းများအား စနစ်တကျ ကြိုတင်ဖောက်လုပ်မည့်အစီအစဉ် ရှိ/မရှိနှင့်ပတ်သက်၍ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စိုးအား DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
#R005