- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
အိန္ဒိယနိုင်ငံက မြန်မာထောပတ်သီး တန်ချိန် ၁,၀၀၀ ဝယ်မည်
၂၀၂၄ ခုနှစ် ဇန်ဝါရီလ ထောပတ်သီးပေါ်ချိန်တွင် ထောပတ်သီး Hass မျိုးများကို ပေါက်ဈေးအတိုင်း တင်ပို့သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ပြင်ဦးလွင် မှထွက်ရှိသည့် ပြည်ပတန်းဝင်မျိုးများကို တင်ပို့သွားမည် ဖြစ်သည်။
12 Jul 2023

DMG ၊ ဇူလိုင် ၁၂
မြန်မာထောပတ်သီး တန်ချိန် ၁,၀၀၀ ဝယ်ယူရန် အိန္ဒိယနိုင်ငံက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်က ပြောသည်။
လာမည့် ၂၀၂၄ ခုနှစ် ဇန်ဝါရီလ ထောပတ်သီးပေါ်ချိန်တွင် ထောပတ်သီး Hass မျိုးများကို ပေါက်ဈေးအတိုင်း တင်ပို့သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ပြင်ဦးလွင် မှထွက်ရှိသည့် ပြည်ပတန်းဝင်မျိုးများကို တင်ပို့ရောင်းချသွားမည် ဖြစ်သည်။
“မြန်မာထောပတ်တွေ ဆတိုးထွက်လာပြီး ပြည်ပဈေးကွက်ကိုတင်ပို့ဖို့ GLOBAL GAP လက်မှတ်တွေ လိုလာတယ်။ အခု အဲဒီလက်မှတ်ရဖို့အတွက် အသင်းကနေ သင်တန်းတွေ လုပ်ပေးနေပါတယ်။ ဒီထက်တိုးပို့ဖို့ ကြိုးစားနေပါတယ်” ဟု အသင်းအတွင်းရေးမှူး ဦးမျိုးညွန့်က ပြောသည်။
အိန္ဒိယနိုင်ငံတွင် မြန်မာထောပတ်သီးများပြပွဲကို ၂၀၁၈ ခုနှစ်က သွားရောက်ပြသပြီးနောက် ၂၀၁၉ ခုနှစ်တွင် အိန္ဒိယကုန်သည်များသည် တောင်ကြီးမြို့သို့လာရောက်ပြီး ထောပတ်သီးဝယ်ယူမှုများရှိခဲ့ကြောင်း၊ ယခုနှစ်မှစ၍ အသင်းနှင့်ဆက်သွယ်ပြီး ပထမဆုံး ဝယ်ယူခြင်းဖြစ်ကြောင်း ဦးမျိုးညွန့်က ပြောသည်။
“ကျနော်တို့အတွက် အကျိုးမြတ်ရှိလား၊ မရှိလားဆိုတာ ပြောရမှာ နည်းနည်းစောနေသေးတယ်၊ ပြောရခက်တယ်ပေါ့။ လက်ရှိ နိုင်ငံငွေလဲနှုန်းတွေကြောင့် အဆင်မပြေတာတွေလည်း ဖြစ်နေတော့လေ။ ထောပတ်သီးထွက်ဖို့ကလည်း လေးလလောက် လိုသေးတယ်” ဟု ထောပတ်စိုက်ပျိုးရေးလုပ်ကိုင်သူ ဦးကျော်စိုးမင်းက ပြောသည်။
ပြီးခဲ့သည့်နှစ်က ထောပတ်သီးမှာ ပြည်တွင်းစားသုံးမူအပြင် ပြည်ပတင်ပို့မူများလည်းရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း တစ်ကီလိုလျှင် ၆,၀၀၀ ကျပ်နှင့် ၁၀,၀၀၀ အကြားပေါက်ဈေးရှိပြီး ဈေးကောင်းရရှိနေကြောင်း ဦးကျော်စိုးမင်းက ပြောသည်။
ထောပတ်သီးကို အိန္ဒိယ-မြန်မာနယ်စပ် တမူးနယ်စပ်ကုန်သွယ်ရေးမှ တင်ပို့ရန်စီစဉ်နေပြီး ဥရောပဈေးကွက်တွင် သယ်ယူစရိတ်ကြီးမြင့်မူကြောင့် အာရှဈေးကွက်ကိုသာ တင်ပို့ရောင်းချသွားရန် စီစဉ်နေကြောင်း သိရသည်။
ပြည်တွင်းတွင်လည်း မြန်မာ့ထောပတ်သီး စားသုံးမူသည် နှစ်စဉ် တန်ချိန် ၃,၀၀၀ ခန့်ရှိပြီး ခရီးသွားရာသီတွင် စားသုံးမှုပိုများသည်။ မြန်မာနိုင်ငံတွင် ထောပတ်သီး စိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်၊ မိုးကုတ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် နာဂ တောင်တန်းဒေသတို့တွင် အဓိကစိုက်ပျိုးကြောင်း သိရသည်။
#I004
(ရည်ညွှန်းချက် - GLOBAL GAP သည် ဥရောပရှိ ထိပ်တန်းလက်လီရောင်းချသူများ တည်ထောင်သည့်အသင်းအဖွဲ့ဖြစ်ပြီး GLOBAL GAP အသိအမှတ်ပြုလက်မှတ်သည် ကောင်းမွန်သောစိုက်ပျိုးရေးလုပ်ငန်းအတွက် ဒီဇိုင်းရေးဆွဲထားသော ကမ္ဘာလုံးဆိုင်ရာ ရည်ညွှန်းချက်ဖြစ်သည်။)